ယခုကဲ့သို့ လူများအစုလိုက်အပြံုလိုက် စွန့်ခွာထွက်ပြေးခြင်း၏ ဇစ်မြစ်အကြောင်းအရာများဖြစ်သော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ (ဘင်္ဂါလီ)များအပါ် ဖိနှိပ်မှုရပ်တန့်ရေးအတွက် ဒေသတွင်းခေါင်းဆောင်များက ဖြေရှင်းရန်လည်း APHR က တောင်းဆိုထားသည်။
"ယာယီခိုလှုံခွင့်ပေးတာက ရေထဲမှာ အလောင်းအခေါင်းတွေ မျောနေထက်စာရင်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်ဟာ ကြီးထွားလာနေတဲ့ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့တော့ ဝေးနေပါသေးတယ်" ဟု မလေးရှား ပါလီမန်အမတ်တစ်ဦးလည်းဖြစ်သူ APHR ဥက္ကဋ္ဌ ချားလ်စ်ဆန်တီယေဂိုက ထုတ်ပြန်ချက်အတွင်း ထည့်သွင်းပြောသည်။
"ယာယီဖြေရှင်းတဲ့သဘောနဲ့ ဒုက္ခသည် ရ,၀၀၀ ရဲ့ လိုအပ်ချက်တွေကို ထုတ်ဖော်ပြောဆိုတာထက်စာရင် ပြီးပြည့်စုံတဲ့ ဖြေရှင်းချက် တစ်ခုကို လုပ်ဆောင်ရမှာပါ။ အဲဒီထဲမှာ လူ ၁ ဒသမ ၃သန်းအပေါ် စနစ်တကျ နှိပ်ကွပ်မှုတွေ အဆုံးသတ်ဖို့ မြန်မာအစိုးရအပေါ် တွန်းအားပေးရမယ့် ဒေသဆိုင်ရာ အရေးယူဆောင်ရွက်ရေး အစီအမံတစ်ခု ပါဝင်ရပါမယ်" ဟုလည်း ဆိုသည်။
လှေစီးဒုက္ခသည် အကျပ်အတည်းနှင့် ပတ်သက်၍ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများ ကွာလာလမ်ပူတွင် အစည်းအဝေး ကျင်းပပြီးနောက် မေ ၂၀ က ယာယီခိုလှုံခွင့်ပေးရန် သဘောတူမှုရရှိခဲ့သည်။
ယင်းသဘောတူညီချက်သည် စားနပ်ရိက္ခာများမရှိဘဲ အန်ဒမန်ပင်လယ်တွင် သောင်တင်နေသော ရိုဟင်ဂျာဆိုသူ မြန်မာနိုင်ငံမှ ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် ယင်းသဘောတူညီချက်တွင် အဆိုပါဒုက္ခသည်များအရေးအား ရေရှည်ကိုင်တွယ်ဖြေရှင်းရေးအတွက် တိကျသည့် မူဘောင်များမပါရှိသည့်အပြင် နိုင်ငံတကာရေပိုင်နက်များတွင် သောင်တင်လျက်ရှိနေသေးသည့် ရွှေ့ပြောင်း အခြေချသူများကို ရှာဖွေရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ်လိုအပ်ချက် ရှိနေသေးသည်ဟု APHR က သတိပေးထားသည်။
"ဒီခိုလှုံခွင့်ရဖို့ ကြိုးစားနေသူတွေကို သင့်လျော်တဲ့ ဒုက္ခသည်ဆိုင်ရာ စစ်ဆေးမှုလုပ်ငန်းစဉ်တွေ ပြုလုပ်ပေးရပါမယ်။" "ဒီလူအများစုဟာ မြန်မာနိုင်ငံက မနှစ်မြို့ဖွယ်အခြေအနေတွေ၊ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတာပါ။ ဒါ့ကြောင့် သူတို့ကို ပြန်လည်နေရာချထားခွင့်ပေးရပါမယ်" ဟု APHR ဥက္ကဋ္ဌ ဆန်တီယေဂိုက ပြောသည်။
ဒုက္ခသည်များအရေး အားကောင်းသည့် ဒေသဆိုင်ရာမူဘောင်တစ်ခု လိုအပ်နေသည့်ပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံး အနေဖြင့် 1951 Refugee Convention ကို လက်မှတ်ရေးထိုးကြရန်လည်း APHR က ထုတ်ပြန်ချက်က တိုက်တွန်း ထားသည်။
လက်ရှိတွင် ယင်း Convention ကို ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သာ လက်မှတ်ရေးထိုးထားသေးသည်။ ထို့ပြင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဒေသဆိုင်ရာ သဘောတူညီချက်တစ်ခုရရှိရန်လည်း အာဆီယံအစိုးရများကို တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အစည်းအဝေးတွင် ဒုက္ခသည်များကို လက်ခံရန် သဘောမတူခဲ့သည့်အပြင် ရိုဟင်ဂျာဆိုသူများမှာ တရားမဝင် ရွှေ့ပြောင်းအခြေချသူများဖြစ်သဖြင့် ဒုက္ခသည်အဖြစ် သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း ထိုင်းစစ်တပ် အကြီးအကဲက ပြောကြားခဲ့သည်ကိုလည်း APHR က ဝေဖန်ထားသည်။
ရိုဟင်ဂျာဆိုသူများမှာ တရားမဝင် ၀င်ရောက်လာသူများဖြစ်သည်ဆိုသည့် မြန်မာအစိုးရ၏ ပြောကြားချက်ကို ထောက်ခံသည့် အဆင့်မြင့် ထိုင်းအရာရှိကြီးများ၏ ပြောဆိုချက်များမှာ ထိတ်လန့်ဖွယ်ကောင်းပြီး ရှက်စရာလည်းကောင်းကြောင်း ဆန်တီယေဂိုက ပြောကြားသည်။
"ပင်လယ်ပြင်မှာ သောင်တင်နေတဲ့သူတွေကို အဝင်မခံဖို့ ဆုံးဖြတ်တာဟာ ထိုင်းအတွက် ဒေသတွင်းဦးဆောင်မှုအပိုင်းမှာ ကြီးမားတဲ့ မအောင်မြင်မှုပါပဲ" ဟုသူကဆိုသည်။
မေ ၂၉ တွင် ကျင်းပမည့် အစည်းအဝေးသို့ တက်ရောက်မည်ဟု မြန်မာ၏ ကြေညာချက်ကို ကြိုဆိုခဲ့သော်လည်း အာဆီယံအနေဖြင့် ၎င်း၏ မစွတ်ဖက်ရေးပေါ်လစီကို ဘေးဖယ်ထားရန်နှင့် မြန်မာအစိုးရ၏ ခွဲခြားဆက်ဆံရေးပေါ်လစီကို ရင်ဆိုင်ဖြေရှင်းကြရန်လည်း အာဆီယံကို တောင်းဆိုထားသည်။
"မစွတ်ဖက်ရေးစည်းမျဉ်းရဲ့နောက်မှာ အာဆီယံခေါင်းဆောင်တွေ ပုန်းနေလို့မရပါဘူး" ဟု ဆန်တီယေဂိုက သတိပေးသည်။ ယခုအချိန်အထိ အာဆီယံ၏ တုံ့ပြန်မှုမှာ ကျေနပ်အားရစရာမရှိသေးပဲ မြန်မာအစိုးရကို ဖိအားပေးသည့် ထိရောက်သောလုပ်ဆောင်ချက်များမရှိပါက ပြဿနာမှာ ပို၍ကြီးမားလာမည်ဟုလည်း ၎င်းကဆိုသည်။
အမေရိကန်ပြည်ထောင်စုအပါအဝင် ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမိုခိုင်မာသည့် ရပ်တည်ချက် တစ်ခု ရှိရမည်ဖြစ်ပြီး ရိုဟင်ဂျာဆိုသူများအပေါ် ဖိနှိပ်မှု အဆုံးသတ်နိုင်ရေး မြန်မာအစိုးရကို တိုက်ရိုက် ဖိအားပေးရေး၊ ဒေသတွင်းအဆင့် ဆွေးနွေးဖြေရှင်းရေး အာဆီယံကို တွန်းအားပေးရမည်ဟုဆိုသည်။
"ဒီလိုကြောက်မက်ဖွယ် အဖြစ်ဆိုးကို လက်ရှိအချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အရေးယူ ဆောင်ရွက်ရမယ့်အချိန် ဖြစ်ပါတယ်။" ဟု ဆန်တီယေဂိုက ပြောသည်။







