အစိုးရ တပ်မတော် နှင့် တအာင်းတပ် တိုက်ပွဲဖြစ်

အစိုးရ တပ်မတော် နှင့် တအာင်းတပ် တိုက်ပွဲဖြစ်
by -
မဇ္ဈိမ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အစိုးရ စစ်တပ်တို့အကြား မေလ ၁၈ ရက် ညနေပိုင်းမှစတင်၍ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု TNLA မှ ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖန်ကာကျေးရွာနှင့် ပန်ကျရော့ကျေးရွာအကြား မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမပေါ်တွင် TNLA တပ်နှင့် အစိုးရ၏ နမ့်ဖတ်ကာ အခြေစိုက် တပ်ရင်း ခလရ ၁၂၃ တပ်ဖွဲ့တို့ ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေခဲ့သည်ဟု ၎င်းက ပြောသည်။

“ဒီနေ့ သုံးနာရီခွဲလောက်ကနေ လေးနာရီခွဲထိ တိုက်ပွဲကမပြီးသေးဘူး။ အခုနောက်ဆုံး အခြေအနေမသိရသေးဘူး။ အဓိကအကြောင်းအရင်းက ကျွန်တော်တို့ အဖွဲ့တွေ တပ်ဖွဲ့လုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်နေတယ်။ မနက် ရနာရီကနေစပြီးမှ ကျွန်တော်တို့အဖွဲ့ရှိနေတဲ့ တောင်ကုန်းတွေကို လက်နက်ကြီးနဲ့ ပစ်တယ်။ ကျွန်တော်တို့အဖွဲ့မပစ်ဘူး။ ညနေ ၃ နာရီလောက်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ရှိတဲ့စခန်းကို တက်လာလို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်"ဟု မိုင်းအိုက်ကျော် က ပြောသည်။

ထို့ပြင် အစိုးရ စစ်တပ်များ စစ်ကူပေးရန်အတွက် ကွတ်ခိုင်အခြေစိုက်တပ်များ အင်အား ၂၀၀ ခန့်သည် ထပ်မံ ချီတက်လာနေသည်ဟု သိရသဖြင့် တိုက်ပွဲပြင်းထန်လာနိုင်ဖွယ်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

“ထိုးစစ်တွေလုပ်နေသမျှ ငြိမ်းချမ်းရေးက ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလုပ်နေချိန်မှာ ထိုးစစ်တွေ ရပ်ရမှာ။ အဓိကတော့ ထိုးစစ်များနေရင် တိုက်ပွဲက ပြင်းထန်လာမဲ့ အလားအလာရှိနေပါတယ်။ ကွတ်ခိုင်ဘက်က စစ်ကူတွေ ၂၀၀ နီးပါး ထပ်မံ ဖြည့်လာတယ်ဆိုတော့ တိုက်ပွဲကပြင်းထန်လာနိုင်တယ်” ဟု မိုင်းအိုက်ကျော်က ပြောသည်။

TNLA နှင့် အစိုးရ တပ်တို့အကြား ယခု မေလ ၁၈ ထိ တိုက်ပွဲ အကြိမ်ပေါင်း ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဧပြီလတစ်လလုံးတွင် တိုက်ပွဲအကြိမ်ပေါင်း ၁၃ ကြိမ်သာ ရှိခဲ့သည်ဟု သိရသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မရရှိသေးသော TNLA သည် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) အား အယုံအကြည်မရှိသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် ပြီးခဲ့သည့် ပန်ဆန်း ထိပ်သီးအစည်းအဝေးတွင် အဆိုပြုခဲ့သည်။

ယင်းအပေါ်လာမည့် ဇွန်လ ပထမပတ်တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၏ ညီလာခံတွင် NCCT အဖွဲ့မှနုတ်ထွက်ရေး၊ မထွက်ရေး ဆွေးနွေးဆုံးဖြတ်မည် ဖြစ်သည်။

TNLA သည် မေ ၁၈ ရက်တွင် ကွတ်ခိုင်-နမ့်ဖတ်ခါ-မူဆယ်ကြား ကားလမ်းမပေါ်၌ နံနက်မှ ညနေ ၄ နာရီအထိ ဒုတိယအကြိမ်မြောက် အခွန်ကောက်ခံခဲ့သည်ဟု မိုင်းအိုက်ကျော်က ပြောသည်။ ပြီးခဲ့သည့် ဧပြီလကလည်း ပထမဆုံးအကြိမ် အခွန်များ ကောက်ခံခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...