“ဒီနေ့တော့ ငြိမ်နေတယ်။ နှစ်ဘက် စောင့်ကြည့်နေတယ်။ မနေ့(မေ ၁၅)က ၁၀ နာရီကနေ သုံး၊ လေးနာရီလောက် တိုက်ပွဲ ဖြစ်တယ်။ မနေ့ကတိုက်ပွဲမှာ ကျွန်တော်တို့ ဘက်က နှစ်ဦးကျတယ်။ အစိုးရတပ်အပေါ် မူတည်တယ်။ သူတို့ထိုးစစ် မဆင်ရင်တော့ တိုက်ပွဲမဖြစ်ဘူး”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
မေ ၁၄ ရက်က မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာအနီးတွင် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း KIA ဘက်မှ တစ်ဦး ကျဆုံးခဲ့ပြီး မေလ ၈ ရက်ကလည်း ၃ ဦးကျဆုံးခဲ့ရာ စုစုပေါင်း အနည်းဆုံး ၅ ဦး ကျဆုံးခဲ့ပြီး ဖြစ်သည်ဟု KIA တပ်ရင်း ၁၂ ၏ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။
လက်ရှိ မန်စီမြို့နယ်အတွင်း အစိုးရ စစ်တပ်ရင်း ၁၀ ရင်းခန့်ထိ လှုပ်ရှားနေပြီး တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားဖွယ် ရှိနေသည်ဟု ၎င်းက ဆိုသည်။
မေလ ၆ ရက်က အစိုးရ စစ်တပ်ဖွဲ့ အင်အား ၂၀၀ ခန့်က KIA တပ်ရင်း ၁၂ နယ်မြေအတွင်းသို့ ထိုးစစ်ဆင်လာသဖြင့် KIA တပ်များများနှင့် တိုက်ပွဲ စတင်ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းမတိုင်မီ ကချင်ပြည်နယ် ဖားကန့်နှင့် တနိုင်းဒေသဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့များ အရေးပေါ် တွေ့ဆုံဆွေးနွေးမှုတွင် တိုက်ပွဲဖြစ်ပွားရာ မြေပြင်သို့ သွားရောက် စစ်ဆေးရန် ညှိနှိုင်းခဲ့သော်လည်း ပျက်ပြယ်ခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူညီမှု ရရှိထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပရန် ပြင်ဆင်နေပြီး မူကြမ်းအပေါ် သုံးသပ်၍ သဘောထားများ ရယူကာ လာမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်သည်။







