“တစ်ဘက် အိမ်နီးချင်းနိုင်ငံမှာ ဒုက္ခသည်စခန်းပေါင်း ကိုးခု ရှိပါတယ်။ ကျိန်ခမ်းခရိုင်မှာ ငါးခု၊ ကိန်းမခရိုင်မှာ လေးခုရှိပါ တယ်။ ဆွေမျိုး မိတ်ဆွေတွေရဲ့ အိမ်တွေမှာ နေသူတွေ အပါအဝင် စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း ၈၈,၁၆၆ ဦးရှိပါတယ်။ လောက်ကိုင်နယ်မြေကို ၁၀,၈၇၂ ဦးပဲ ပြန်ရောက်လာပြီးတော့ ရ၇,၃၀၀ နီးပါးက ရောက်ရှိဖို့ ကျန်ပါသေးတယ်။ ဒီလိုကျန်သေးရခြင်းဟာ နယ်မြေ တည်ငြိမ်အေးချမ်းဖို့ လိုနေသေးတယ်ဆိုတဲ့ သက်သေတစ်ရပ် ဖြစ်ပါတယ်” ဟု ၎င်း က ရှင်းပြသည်။
ကျိန်းခမ်းခရိုင် ကျိန်းရင်ဖန်ရွာတွင် ၁,၂၇၃ ဦး၊ ချာရှန်းရွာတွင် ၁,၁၁၀ ဦး၊ ထန်ခုံးရွာတွင် ၁,၂၃၉ ဦး၊ လျှန် ့ရှန်းရွာတွင် ၁,၀၀၆ ဦး၊ ကျူးဝရွာတွင် ၂၈၀သီးတို ့ ရှိကြောင်း၊ ကိန်းမခရိုင်တွင် တယ်ပိုက်ဒေသ၌ ၄၉၂ ဦး၊ ဆားရောင်ကွင်း၌ ၈၅၈ ဦး၊ ရှန်းချွင်း၌ ၉၆၀ ဦး၊ BP - ၁၃၇ အနီး၌ ၁,၀၇၆ ဦးတို ့ ရှိကြောင်းလည်း ကာကွယ်ရေး ဒု-၀န်ကြီးက ပြောသည်။
စစ်ဘေးရှောင် ကိုးကန့် ပြည်သူတို့ မိမိနိုင်ငံသို့ နည်းနည်းချင်း ပြန်လာကြရာ ၁၃-၅-၂၀၁၅ နေ့အထိ ပြန်လည်ရောက်ရှိ လာသူဦးရေမှာ ၁၀,၈၇၂ ဦး ရှိလာ သဖြင့် တစ်ဘက်နိုင်ငံတွင် ရ၇,၂၉၄ ဦး ကျန်ရှိနေခြင်းဖြစ်သည်။
ဒေသမတည်ငြိမ်သေးသဖြင့် ပြန်မလာနိုင်ကြခြင်းဖြစ်သောကြောင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့ လိုအပ်ကြောင်း၊ တပ်မတော်က စစ်အုပ်ချုပ်ရေးများဖြင့် တာဝန်ယူဆောင်ရွက်နေရကြောင်း၊ ယခုနှစ်သည် နိုင်ငံအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပရမည့်နှစ်လည်းဖြစ်၍ အရေးကြီးလှကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့၊ အိမ်နီးချင်းနိုင်ငံနှင့် အေးအေးချမ်းချမ်း ဆက်ဆံနိုင်ဖို့ လောက်ကိုင်ဒေသကို တပ်မတော်က စစ်အုပ်ချုပ်ရေး အခြေအနေဖြင့် ရက်ပေါင်း ၉၀ ဆက်လက် တာဝန်ယူနိုင်ရန် လွှတ်တော်က ဆက်လက် အတည်ပြုပေးဖို့ တင်ပြရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားသည်။
ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက်မှစ၍ တပ်မတော်ကစစ်အုပ်ချုပ်ရေးဖြင့် တာဝန်ယူခဲ့ရာ သုံးလပြည့်ခဲ့ပြီ ဖြစ်သော်လည်း တည်ငြိမ်မှု မရသေးသဖြင့် နောက်ထပ် ရက်ကိုးဆယ် ဆက်လက်အုပ်ချုပ်နိုင်ရေးအတွက် လွှတ်တော်က အတည်ပြုပေးရန် ၎င်းက တင်ပြခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဒု-၀န်ကြီးက လောက်ကိုင်ဒေသ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး အခြေအနေ အရပ်ရပ်တို့ကို အသေးစိတ် ရှင်းလင်း တင်ပြသည်။
လွှတ်တော်အမတ် လေးဦးက ဆွေးနွေးရာတွင် ရက်ကိုးဆယ် တိုးပြီး တပ်မတော်က တာဝန်ယူခြင်းအပေါ် ကန့်ကွက်ခြင်း မရှိသော်လည်း စစ်အုပ်ချုပ်ရေးကို ရက်တိုးခြင်းမှာ ထိုဒေသနေ ပြည်သူတို့၏ အခြေခံ လူ ့အခွင့်အရေး ကန့်သတ်ခံရမှုကို ရက်တိုးခြင်းသာ ဖြစ်ကြောင်း၊ ထိုကာလသည် အထွေထွေရွေးကောက် ပွဲအတွက် မဲဆွယ်စည်းရုံးသည့် ကာလနှင့် တိုက်ဆိုင်ခြင်း၊ ရွေးကောက်ပွဲရက်နှင့် နီးကပ်နေခြင်းတို့ကြောင့် ထိုဒေသနေ ပြည်သူတို့၏ မဲပေးခွင့်မဆုံးရှံုးစေဖို့ လိုအပ်ကြောင်း၊ နိုင်ငံ့အချုပ်အခြာကို ကာကွယ်နေသည့် တပ်မတော်သားတို့သည် သတ္တိရှိကြောင်း တာဝန်ကျေကြောင်း သက်သေပြနိုင် သကဲ့သို့ သတိရှိဖို့လည်း လိုကြောင်း ထောက်ပြဆွေးနွေးခဲ့ပြီး ရက်ကိုးဆယ်တိုးခြင်းကို ထောက်ခံ အတည်ပြုခဲ့ကြသည်။







