NCCT ညီလာခံတွင် အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင်များကို ဖိတ်ကြားမည်

NCCT ညီလာခံတွင် အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင်များကို ဖိတ်ကြားမည်
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်များ၏ ညီလာခံကို မေလအတွင်း ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ ညီလာခံသို့ NCCT အဖွဲ့ဝင်မဟုတ်သည့်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုပါ ဖိတ်ကြားသွားမည်ဟု NCCT အဖွဲ့ဝင် ပဒိုစောကွယ် ထူးဝင်းက မဇ္စျိမကိုပြောသည်။

ညီလာခံကို KNU ထိန်းချုပ် နယ်မြေ အတွင်းရှိ လောခီးလာ ဒေသတွင် ကျင်းပရန် ဖြစ်နိုင်ချေ အများဆုံးရှိပြီး ညီလာခံကျင်းပမည့်ရက်ကို ညှိုနှိုင်းဆွေးနွေးနေဆဲဖြစ်သည်ဟု ၄င်းကဆိုသည်။

ပဒိုစောကွယ်ထူးဝင်းက”အစည်းအဝေးကို ဒီလမကုန်ခင်ကျင်းပဖို့ မှန်းထားပါတယ်။ မကျင်းပဖြစ်ရင် ဇွန်လ ပထမပတ်မှာကျင်းပ မှာပါ။ အပစ်အခတ်ရပ်စဲရေးကို အဓိကထားဆွေးနွေးမယ်ဆိုတော့ NCCT အဖွဲ့ဝင် မဟုတ်တဲ့ တိုင်းရင်းသားအဖွဲ့တွေကိုလည်း ဖိတ်ကြားသွားမှာပါ။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေတော့ ပါမှာမဟုတ်ဘူး”ဟု ပြောသည်။

ညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (NCA) နှင့် ပတ်သက်၍  အဓိကထား ဆွေးနွေးသွား မည်ဖြစ်ပြီး အဖွဲ့အသီးသီးမှ တင်ပြလာသည့်  NCA နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။

NCCT ညီလာခံတွင် ကိုးကန့်အဖွဲ့ ( မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် -  MNDAA) ၊ ရက္ခိုင့်တပ်မတော်(AA)၊ တအောင်းတပ်မတော် (TNLA) တို့ တက်ရောက်လာပါက NCCT မှ နှုတ်ထွက်မည့်ကိစ္စကို တင်ပြလာနိုင်သည်ဟုလည်း ပဒိုစောကွယ်ထူးဝင်းကဆိုသည်။

ယင်းအဖွဲ့ သုံးဖွဲ့သည် ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ ပါတီ (UWSA ) ဌာနချုပ် ပန်ဆန်းတွင် ကျင်းပသည့် ညီလာခံတွင် မေလ ၄ ရက်က  NCCT အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခွင့်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ညီလာခံ တက်ရောက်ရန်နှင့် ပတ်သက်ပြီး ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဗိုလ်မှူးကြီးစိုင်းလှက “  ဖိတ်ကြားစာတော့ မရသေးပါဘူး။ ရလာခဲ့ရင်လည်း ဗဟိုမှာ သုံးသပ်ပြီး တက်ဖို့ စဉ်းစားဖြစ်မယ်ထင်ပါတယ်။ NCA နဲ့ပတ်သက်ပြီး အခုထိတော့ ဆွေးနွေးထားတာ မရှိသေးပါဘူး။ တာဝန်ရှိသူတွေက လာပြီးရှင်းပြထားတာလည်း မရှိသေးပါဘူး”ဟုပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအနေဖြင့် လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ်မူကြမ်း (NCA) နှင့်ပတ်သက်၍ သုံးသပ်မှု တစ်စုံတစ်ရာ မပြုလုပ်ရသေးဟုလည်းဆိုသည်။

မတ်လ ၃၁ ရက်တွင်   အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ကြား အပစ်ရပ်စာချုပ်မူကြမ်းကို နှစ်ဘက်သဘောတူ ညှိနှိုင်း ရေဆွဲပြီးကြောင်း အတည်ပြုချက် လက်မှတ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရှေ့မှောက်တွင် ရေးထိုးခဲ့ပြီးဖြစ်သည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...