ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီ အန္တရာယ်ရှိပါက အချိန်မီ သတင်းထုတ်ပြန်ပေးမည်

ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီ အန္တရာယ်ရှိပါက အချိန်မီ သတင်းထုတ်ပြန်ပေးမည်
by -
မဇ္ဈိမ
ဆူမတြာကျွန်းနှင့် မြန််မာနိုင်ငံအကြား တည်ရှိနေသည့် အိန္ဒိယပိုင် ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲရန် လက္ခဏာများ ဖြစ်ပေါ်နေပြီး ယင်းသို့ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံ၌ ဆူနာမီ အန္တရာယ် ကျရောက်ရန်ရှိပါက အချိန်မီသတင်းထုတ်ပြန်ပေးမည်ဟု  မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ငလျင်ဌာနခွဲက တာဝန်ရှိသူ တစ်ဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ မီးတောင်ပေါက်ကွဲပါက မြန်မာနိုင်ငံတွင် ဆူနာမီ အန္တရာယ် ကျရောက်နိုင်မည်ဟူသော စိုးရိမ်ပူပန်မှုများ မြင့်တက်နေရာ  လတ်တလော အချိန်ထိ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးဘဲ အန္တရာယ် ဖြစ်ပေါ်နိုင်ပါက အချိန်မီထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။

ငလျင် ဌာနခွဲမှ  တာဝန်ရှိသူ တစ်ဦးက “မီးတောင်ပေါက်တာကတော့ ပေါက်တာပါပဲ။ ငလျင် အကြီးအကျယ် လှုပ်မှသာ ဆူနာမီ ဆိုတာဖြစ်တာပါ။ အခု ငလျင် သတိပေးချက်ရော၊ ဆူနာမီ သတိပေးချက်ရော ငလျင်ဌာနခွဲက ထုတ်ပြန်ထားတာ မရှိသေးပါဘူး” ဟု ပြောသည်။

ဘာရန်ကျွန်း မီတောင်သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၄၀၀ခန့် (မိုင် ၂၅၀ ခန့်) ကွာဝေးပြီး ဧပြီ ၂၇ ရက်က စတင်ကာ ပြာမှုန့်နှင့် ချော်ရည်များ မှုတ်ထုတ်နေကာ  ဒေသတွင်း၌ ဆူနာမီအန္တရာယ် ရှိနိုင်ကြောင်း ထိုင်းနိုင်ငံက သတိပေးထားသည်။

ဘူမိဗေဒပညာရှင် ဦးသိန်းက “မီးတောင်က သေးတဲ့အထဲမှာ ပါပါတယ်။  သက်ရှိမီးတောင်ပါ။ မြန်မာနိုင်ငံနဲ့လည်း ဝေးပါ တယ်။ ပေါက်ကွဲမယ် ဆိုရင်လည်း ဆူနာမီလှိုင်းတွေတော့ ဖြစ်နိုင်ပါတယ်။ သိပ်အကြီးစားကြီးတော့ မလာနိုင်ပါဘူး။ သိပ်တော့လည်း ကြောက်စရာ မရှိပါဘူး”ဟု ပြောသည်။

ဘာရန်ကျွန်း မီးတောင်သည် ဆူမတြာကျွန်းနှင့် မြန််မာနိုင်ငံအကြား တည်ရှိနေသည့် မီးတောင်အစွယ်တန်းတွင် တစ်ခုတည်းသော မီးတောင်ရှင် တစ်ခုဖြစ်ပြီး ၁၉၉၁၊ ၁၉၉၄-၉၅၊ ၂၀၀၅-၂၀၀၆၊ ၂၀၁၅ ခုနှစ်များတွင် မီးတောင်ပေါက်ကွဲခဲ့ဖူးကာ ၄ ကီလိုမီသာ ခန့်သာကျယ်ဝန်းသော လူသူနေထိုင်မှု မရှိသည့် ကျွန်းဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...