မြစ်ကြီးနားမြို့တွင် နှာခေါင်းစည်း၊ ဖုံကာ မျက်နှာဖုံးတပ် သွားလာပါက ပုဒ်မ ၁၈၈ ဖြင့်အရေးယူမည်

မြစ်ကြီးနားမြို့တွင် နှာခေါင်းစည်း၊ ဖုံကာ မျက်နှာဖုံးတပ် သွားလာပါက ပုဒ်မ ၁၈၈ ဖြင့်အရေးယူမည်
by -
မဇ္ဈိမ
မြစ်ကြီးနားမြို့ နယ်နိမိတ်အတွင်း နှာခေါင်းစည်း ဖုံကာမျက်နှာဖုံးများ တပ်ဆင်ကာ ဆိုင်ကယ်စီးနင်းသွားလာမှု လုံးဝမလုပ်ကြရန် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာလိုက်သည်။

"မြစ်ကြီးနားမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နှာခေါင်းစည်း ဖုံကာမျက်နှာဖုံးများ တပ်ဆင်၍ ဆိုင်ကယ်စီးနင်းခြင်း၊ သွားလာခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရန် ကန့်သတ်ကြေညာလိုက်သည်" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းဝင်းမောင်မောင်က လက်မှတ်ထိုးလျက် မေလ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

အကြောင်းပြချက်အဖြစ် "မြစ်ကြီးနားမြို့ နယ်နိမိတ်အတွင်း ဒုစရိုက်ကျူးလွန်သူများသည် မျက်နှာတွင် နှာခေါင်းစည်း၊ ဖုံကာမျက်နှာဖုံးများ တပ်ဆင်ပြီး ရုပ်ဖျက်၍ ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း တွေ့ရသည်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမိန့်သည် ယခုလ ၁၁ ရက်နေ့မှ စတင်ကာ အသက်ဝင်မည်ဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့အထိ နှစ်လတိတိ ကန့်သတ်ထားသည်။

"အများပြည်သူတို့၏ လူ့အသက်၊ ကျန်းမာမှု(သို့မဟုတ်) လုံခြံုမှုကို ထိခိုက်အန္တရာယ် မဖြစ်စေရန်လည်းကောင်း မြို့နယ်၏ ငြိမ်ဝပ်ရေးကို နှောက်ယှက်သည့် အရာဖြစ်စေ ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေ၊ သတ်ပုတ်နှောက်ယှက်မှုကိုဖြစ်စေ မဖြစ်ပွားစေရန်လည်းကောင်း" နှာခေါင်းစည်း ဖုံကာမျက်နှာဖုံးများ မတပ်ကြရန် တားဆီးခြင်းဟုလည်း ကြေညာချက်တွင်ပါရှိသည်။

ပုဒ်မ ၁၈၈ ဖြင့် အရေးယူခံရမည်ဟုလည်း အမိန့်ကြေညာချက်တွင် ပါရှိသည်။

ပုဒ်မ ၁၈၈ သည် ထုတ်ပြန်ကြေညာထားသော အမိန့်ကို ဖီဆန်ခြင်း ဖြစ်ပြီး ပြစ်ဒဏ်အဖြစ် အလုပ်မဲ့ ထောင်ဒဏ် တစ်လဖြစ်စေ၊ ငွေဒဏ် ၂၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။

ထို့ပြင် ယင်းဖီဆန်မှုသည် လူ့အသက်၊ ကျန်းမာရေး၊ လုံခြံုရေးတို့ကို ထိခိုက်ခဲ့ပါက ထောင်ဒဏ် ခြောက်လအထိ ချမှတ်နိုင်ပြီး ငွေဒဏ်ကိုလည်း ၁၀၀၀ ကျပ်အထိ တိုးမြှင့်နိုင်သည်။ သို့မဟုတ်ပါက ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...