ဆန္ဒထုတ်ဖော်ရာတွင် ကျောက်မီးသွေး စက်ရုံအလိုမရှိ၊ စီမံကိန်း ရုပ်သိမ်းရေး၊ ရေး ဒေသ အလှကာကွယ်ရေး၊ Toyo Thai ကုမ္ပဏီ အလိုမရှိ၊ ရေးဒေသအလှ မပျက်စီးရေး စသည့် အချက်(၅)ချက် ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
"တကယ်လို့ ဒီစီမံကိန်း လုပ်မယ်ဆိုရင် ကျေးရွာအတွက် မီးရမှာတစ်ခုတည်း၊ နောက်ဆိုးကျိုးတွေကများတယ်၊ တကယ်လို့ စက်ရုံသာတည်ဆောက်ရင် မရရတဲ့ နည်းနဲ့ ကျွန်တော်တို့ ထပ်ကန့်ကွက်သွားမယ်"ဟု ရေးမြို့နယ် လူမှုအကျိုးဆောင်ဖွဲ့ (YSS)မှ အတွင်းရေးမှူး ဒေါက်တာ အောင်နိုင်ဝင်းက မဇ္ဈိမသို့ ပြောသည်။
၁၂၈၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် ယင်းကျောက်မီးသွေးစက်ရုံ စီမံကိန်းကို Toyo Thai Group ကုမ္ပဏီက ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် လျှပ်စစ် စွမ်းအင်ဝန်ကြီး ဌာနနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဧပြီ ၉ရက်တွင် စီမံကိန်းအား ဆောင်ရွက်ရန် သဘောတူ စာချုပ်ချုပ်ဆိုလိုက်ခြင်းကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
စီမံကိန်းဆောင်ရွက်မည့် မြေဧက ၅၀၀ အတွင်း ကျေးရွာပေါင်း ၆၀၀ အထိ ရှိနေပြီး စီမံကိန်းတည်ဆောက်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ဒေသခံများ ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေဝီသန့်စင်က မဇ္ဈိမသို့ပြောသည်။
"ခုအစိုးရက ကြာဇံစက်ရုံ၊ ဘီယာစက်ရုံကထွက်တဲ့ အပုပ်နံ့ကိုတောင် မထိန်းသိမ်းနိုင်ပဲနဲ့ ကျောက်မီးသွေးစက်ရုံဆိုတော့ ပိုဆိုးတာပေါ့။ ကျောက်မီးသွေးစက်ရုံက စွန့်ပစ်ပစ္စည်းတွေက အကုန်အဆိပ်တွေကြီးပဲ၊ ဒေါ်လေးတို့ကတော့ ကန့်ကွက်တယ်"ဟု ၎င်းကပြောသည်။
ပညာရှင်များ၏ အကူအညီဖြင့် ခန့်မှန်းတွက်ချက်ပြီး YSS မှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်တွင် ၁,၂၈၀ မဂ္ဂါဝပ်ထုတ် မည့် ကျောက်မီးသွေးစက်ရုံအတွက် တစ်နေ့လျှင် ကျောက်မီးသွေး တန်ချိန် (၁၂,၀၀၀) ကို မီးရှို့ အသုံးပြုရမည် ဖြစ်ပြီး၊ စက်ရုံ အအေးခံရန်အတွက် တစ်နေ့လျှင် ရေပီပါပေါင်း နှစ်သန်းတစ်သိန်းကျော် အသုံးပြုကာ၊ မူလရေထက် ၁၀ ဒီဂရီ စင်တီဂရိတ် ပူမည့် ရေကို ပင်လယ်ထဲသို့ စွန့်ပစ်ရမည်ဟု ဖော်ပြထားသည်။
အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ရ ဘီလီယံ မြှပ်နှံမည့် Toyo Thai Group ကုမ္ပဏီကလည်း ဒေသခံများ ဆန္ဒထုတ်ဖော်နေချိန်တွင် အခြားဒေသခံများ၊ မီဒီယာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များကို ဖိတ်ခေါ်ပြီး ထိုင်းနှင့် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေး စက်ရုံများသို့ လေ့လာရေးခရီး စီစဉ်ပေးခဲ့သည်။







