တိုင်းရင်းသား လက်နက်ကိုင် အစည်းအဝေး ဘုံသဘောတူညီချက် ချမှတ်နိုင်ရန် ငါးဦး ပါသည့် အလုပ်အဖွဲ့များ ဖွဲ့

တိုင်းရင်းသား လက်နက်ကိုင် အစည်းအဝေး ဘုံသဘောတူညီချက် ချမှတ်နိုင်ရန် ငါးဦး ပါသည့် အလုပ်အဖွဲ့များ ဖွဲ့
by -
မဇ္ဈိမ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးမှ ဘုံသဘောတူညီချက် ချမှတ်နိုင်ရေး တစ်ဖွဲ့လျှင် တစ်ဦးစီ ပါဝင်သော အလုပ်အဖွဲ့များကို မေလ ၄ ရက်တွင် ဖွဲ့စည်းလိုက်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

တူညီသော ဘုံနိုင်ငံရေး ရည်မှန်းချက်နှင့် ဘုံသဘောထားများ ချမှတ်နိုင်ရေးအတွက် ဝ ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ် ပန်ဆန်းမြို့တွင် ကျင်းပနေသော အစည်းအဝေးမှ ၁၂ ဦးပါဝင်သော အလုပ်အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“ပထမ တစ်ရက်ခွဲက အဖွဲ့အစည်း အသီးသီးက အမြင်တွေ တင်ပြကြတယ်။ အကြောင်းအရာ မျိုးစုံပေါ့။ ဒီနေ့ တစ်ရက်က အဲဒီတင်ပြခဲ့တဲ့ဟာတွေ အားလုံးကို ပြန်ပြီးတော့ ဘုံနိုင်ငံရေး ရည်မှန်းချက်တွေက ဘာလဲ။ ဘုံသဘောထားတွေက ဘာလဲ။ အဲဒီလို အားလုံး ဘုံတူညီတာတွေကို ရှာဖွေ စုဆောင်းပြီးတော့ ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီနေ့ အလုပ်အဖွဲ့ တစ်ဖွဲ့ကို ရွေးလိုက်တယ်။ အဲဒီအဖွဲ့ကနေ ဘုံသဘောတူညီချက်တွေ စုနေတယ်။ ဒီဘုံသဘောတူညီချက်တွေ ရပြီဆိုရင် ထုတ်ပြန်ကြေညာချက်တို့ တခြားအစည်းအဝေး ဆုံးဖြတ်ချက်တို့ လုပ်မယ်” ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ တွေ့ဆုံဆွေးနွေးပွဲ၏ အလုပ်အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ စည်းလုံး ညီညွတ်ရန် လိုလားကြပြီး မည်သို့ အကောင်အထည် ဖော်နိုင်ရေးအတွက် ညှိနှိုင်းမှုများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ကိုးကန့်ကိစ္စကို မီဒီယာတွင် မဖော်ပြရန် နှင့် ဖော်ပြပါက အရေးယူမည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခြင်းအပေါ် “အဲဒါက ကိုးကန့်ကို တမင်တကာ ချောက်ချတာပါ။ ကိုးကန့်ကို ခွဲထုတ်ပြီးတော့ ရန်ရှာတဲ့ သဘောမျိုးပါ။ တကယ်တမ်းက NCA လက်မှတ် မထိုးမချင်း အဖွဲ့တိုင်းက မတရား အက်ဥပဒေနဲ့ ညှိစွန်းတာတွေ ချည်းပါပဲ။ အဖွဲ့တိုင်းကတော့။ သို့သော် မတရားအသင်းဥပဒေနဲ့ အားလုံး ညိစွန်းနေတဲ့ဟာကို မပြောဘဲ ကိုးကန့်ကိုပဲ ခွဲထုတ်ပြီးတော့ ပြောတာကတော့ ခွဲခြားဆက်ဆံတယ်။ နောက်ပြီးတော့ သွေးခွဲတဲ့သဘောမျိုး ဖြစ်နေတယ်။ ဒါကတော့ စိတ်မကောင်းစရာပဲ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

မေလ ၁ ရက်မှ ၆ ရက်ထိ ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ခေါင်းဆောင် ၅၀ ဦးသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများအပေါ် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။

UWSP အပါအဝင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊  ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSPP)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA/PSLF)၊ နှင့် ရက္ခိုင့်တပ်မတော် (AA) စသည့် အဖွဲ့ ၁၂ ဖွဲ့ တက်ရောက်နေသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...