စစ်တပ်မှ ဖမ်းဆီးထားသည့် AA တပ်ဖွဲ့ဝင်များကို တပ်မတော်ကသာ ဆုံးဖြတ်မည်ဖြစ်ပြီး ဥပဒေမဲ့ မဖြစ်စေရဟု ရခိုင်ဝန်ကြီးချုပ်ဆို

စစ်တပ်မှ ဖမ်းဆီးထားသည့် AA တပ်ဖွဲ့ဝင်များကို တပ်မတော်ကသာ ဆုံးဖြတ်မည်ဖြစ်ပြီး ဥပဒေမဲ့ မဖြစ်စေရဟု ရခိုင်ဝန်ကြီးချုပ်ဆို
by -
မဇ္ဈိမ
ရက္ခိုင့်တပ်မတော် AA နှင့် ပတ်သက်သည်ဟု ယူဆကာ ဖမ်းဆီးထားသူများကို စစ်တပ်ကသာ ဆုံးဖြတ်နိုင်မည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းမှ လူ ၁၂ ဦးနှင့် သေနတ် ၁၉လက်ကို ထိန်းသိမ်းထားပြီး ထိုလူများနှင့် စပ်လျဉ်း၍ မဇ္ဈိမက မေးမြန်းခဲ့ရာ ထိုသို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။

“ဒါက တပ်မတော်ကဆောင်ရွက်နေတဲ့ ကိစ္စဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ ပြောလို့မရဘူး။ တပ်မတော်ကသာ ဆက်လက် လုပ်ဆောင်မှာဖြစ်တယ်။ တစ်ခုပြောနိုင်တာကတော့ ဥပဒေမဲ့တော့ မဖြစ်ရဘူး၊ စစ်ဆေးလို့ ပေါ်ပေါက်ချက်အရ သာ ဆောင်ရွက် ရမှာပေါ့”ဟု ဦးမောင်မောင်အုန်းကပြောသည်။

ထို့ပြင် ရက္ခိုင့်တပ်မတော် AA နှင့် တပ်မတော်တို့ ကြားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ လျော့ချနိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စပါးဆိတ်ကျေးရွာတွင် ဒုက္ခသည်လေးရာကျော် ခိုလှုံခဲ့ပြီး ဒုက္ခသည် တစ်ဝက်ကျော်မှာ မူလနေရာများသို့ ပြန်လည် ထွက်ခွာသွားကြပြီဟု ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းကပြောသည်။

“ဒုက္ခသည်တွေက ရွာအနီးမှာ ပစ်ခတ်မှုဖြစ်လို့ မနေရဲတော့ဘဲ ထွက်ပြေးကြတာဖြစ်ပါတယ်၊ အိမ်တွေမှာ ယောင်္ကျားတွေကျန်ခဲ့ပြီး အမျိုးသမီးတွေ အများစု လာကြပါတယ်၊ တချို့လည်း ပြန်ကုန်ပါပြီ"ဟု ဦးစောငြိမ်းက ပြောသည်။

ရခိုင်ဒုက္ခသည် စခန်းများသို့ အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ကြရန်လည်း ကြက်ခြေနီ အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်လျက်ရှိသည်။

“အများစုက စစ်ပွဲဖြစ်လို့ဆိုတာထက် တပ်က ရွာတွေထဲ ဝင်ပြီး ဖမ်းနေလို့ ထွက်ပြေးကြတာများတယ်” ဟု ကျောက်တော် ဒေသဖွ့ံဖြိုးရေး အဖွဲ့မှ ဦးစောထွန်းကဆိုသည်။

ရခိုင်အမျိုးသားပါတီကလည်း ရခိုင်ဒေသတွင်းတွင် AA နှင့်ပတ်သက်သည် ဟုဆိုကာ ဖမ်းဆီးထားသူများကို ဥပဒေအရ ဆောင် ရွက်ပေးရေးနှင့် ဒုက္ခသည် စခန်းများကို အစိုးရက အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်ပေးရေး တိုက်တွန်းထုတ်ပြန်ထားသည်။

ရက္ခိုင့်လွတ်မြောက်ရေး တပ်ဖွဲ့ AA သည် ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် လိုင်ဇာမြို့ KIA ထိန်းချုပ်နယ်မြေ တွင် အခြေစိုက်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...