"တပ်မတော်က ရွာသားတွေကို နှိပ်စက်တာ ဒီခေတ်မှာ မရှိတော့ပါဘူး၊ တာဝန်ရှိသူတွေကိုယ်တိုင် ရွာသားတွေနဲ့ပေါင်းပြီး ကူညီနေတယ်။ သူတို့ထုတ်ပြန်တာတွေက အတည်ပြုလို့ မရပါဘူး" ဟု သတင်းပြန်ကြားရေးကော်မတီမှ ဗိုလ်ကြီးအဆင့်ရှိသူက ဆိုသည်။
မြန်မာ တပ်မတော်သည် ရခိုင်ရွာ အချို့အား အတင်း ဝင်ရောက်မွှေနှောက်ပြီး ရပ်မိ၊ ရပ်ဖ ရွာလူကြီးများ အပါအဝင် ရွာသားများကို ထိန်းသိမ်းစစ်ဆေးခြင်း၊ ဆန်၊ ဆီ၊ ဆား စားနပ်ရိက္ခာတို့ကို ဖျက်ဆီး ယူဆောင်ခြင်း၊ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း တို့ကို ဆက်တိုက်ပြုလုပ်ခြင်းကြောင့် ရခိုင်တပ်မတော် အောက်ခြေ စစ်သားများ၏ ဒေါသများကို နှိုးဆွပေးနေပြီး မလိုလားအပ်သည့် ပြဿနာရပ်များဖြစ်ပေါ်နိုင်ရန် တွန်းအားများပေးနေ သည်ဟု ရခိုင်တပ်မတော်က ဧပြီ ၂၈ရက်တွင် ထုတ်ပြန်ထားသည်။
"AA က တရားဝင်အဖွဲ့အစည်းမဟုတ်ဘူး၊ သူတို့ ထုတ်ပြန်ချက်တွေကလည်း အတည်ပြုလို့မရဘူး၊ ဒါပေမယ့် ထုတ်ပြန်တာတွေကိုတော့ စောင့်ကြည့်ဖို့ လိုတယ်" ဟု မြန်မာတပ်မတော်မှ ဗိုလ်ကြီး အဆင့်ရှိသူက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရမည့် ကိစ္စရပ်များကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းခြင်းက လူမျိုးရေးပဋိပက္ခများဖြစ်ပေါ်လာနိုင်အောင် တွန်းအားပေးရာရောက်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းသို့ ညှင်းပမ်းနှိပ်စက်မှုများ ရှိနေသည်ကို ရခိုင်အမျိုးသားထုတို့က လက်ပိုက် ကြည့်ရှုမနေဘဲ ရခိုင် တပ်မတော်နှင့် လာရောက် ပူးပေါင်းကြရန် မေတ္တာရပ်ခံကြောင်းလည်း AA က ထည့်သွင်းရေးသားထားသည်။
"ရခိုင်ပြည်နယ်မှာဖြစ်နေတာတွေကို အစိုးရနဲ့ဖြစ်နေတဲ့ အဖွဲ့အစည်းတို့က တွေ့ဆုံဆွေးနွေးပြီးတော့ အမြန်ဆုံး စစ်ပွဲတွေကို ရပ်သင့်တယ်၊ တိုင်းရင်းသားတွေကတော့ အဖွဲ့အားလုံးနဲ့ အပစ်ရပ်ချင်တယ် အစိုးရက ၁၆ဖွဲ့နဲ့ပဲ လုပ်မယ်ဆိုထားတော့ ကွဲလွဲမှုရှိနေတယ်" ဟု ရခိုင်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်ဒေသတွင် မြန်မာစစ်တပ်နှင့် AA တို့ မတ်လ ၂၉ရက်မှစတင်ကာ တိုက်ပွဲပေါင်း ၁၁ပွဲထိ ဖြစ်ပွားနေပြီး စစ်ဘေးကြောင့် ပြောင်းရွှေ့နေထိုင်ရသူ ၅၀၀ကျော်အထိ ရှိနေပြီဖြစ်သည်။
ရခိုင် တပ်မတော်သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ (NCCT) ၏ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သော်လည်း ဦးသိန်းစိန် အစိုးရကမူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လတ်မှတ်ရေးထိုးရာတွင် ရခိုင်တပ်မတော် (AA) ပါဝင်မှုကို ကန့်ကွက်ထားသည်။







