တိုက်ပွဲများနှင့် ရန်လိုမှုများ ရပ်ဆိုင်းရန် အမေရိကန်တောင်းဆို

တိုက်ပွဲများနှင့် ရန်လိုမှုများ ရပ်ဆိုင်းရန် အမေရိကန်တောင်းဆို
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်  Arakan Army တို့အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကို ရည်ညွှန်းလျက် တိုက်ပွဲများနှင့် ရန်လိုမှုများ ရပ်ဆိုင်းကြရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် အရပ်သားများ၏ လုံခြံုရေးကို အာမခံချက်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန်လည်း အမေရိကန်သံရုံးက တောင်းဆိုသည်။

စစ်ဘေး ဒဏ်သင့်ပြည်သူများသည် အမေရိကန် သံရုံး ဆိုသကဲ့သို့ အကူအညီများ များစွာ လိုအပ်နေသည်ဟု ရခိုင်ဒုက္ခသည်များကို အကူအညီပေးနေသူ ကိုဇော်ဝင်းက ပြောသည်။

"အခု အဲ့ဒီမှာ အဓိက လိုအပ်နေတာကတော့ စားနပ်ရိက္ခာပေါ့။  လိုအပ်ချက်တွေ အများကြီးရှိနေပါတယ် ၊ စစ်ပွဲကြောင့် အပြင်ကို ထွက်လို့မရတဲ့ရွာတွေ၊ စစ်ရှောင်လာတဲ့သူတွေကို လက်ခံထားတဲ့ ရွာတွေ အများကြီးရှိပါတယ်" ဟုပြောသည်။

လက်ရှိအချိန်တွင် ရခိုင်ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၅၇၀ ကျော်ရှိမည်ဖြစ်သည်ဟု ပြောဆိုသည်။ ထိုသူများအတွက် လုံခြံုရေး အာမခံချက်ပေးရန်လည်း အမေရိကန်သံရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။

"တာဝန်ရှိသူအားလုံးကို ရန်လိုမှုများရပ်ဆိုင်းကြရန်၊ အရပ်သားများ ဘေးကင်းလုံခြံုမှုကို အာမခံချက်ပေးနိုင်ရန်နှင့် လိုအပ်သမျှသော လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော စံနှုန်းများနှင့်အညီ အချိန်မီ ထောက်ပံ့ဖြန့်ဖြူးနိုင်ရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုပါသည်" မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင် ရခိုင်ဒေသခံများအတွက် ကူညီထောက်ပံပေးလိုသူများအနေဖြင့် စစ်ဘက်ဆိုင်ရာ ဗျူဟာမှူးများနှင့် ဆက်သွယ်၍ သွားရောက်မည့်နေရာ၊ လှူဒါန်းမည့် ပစ္စည်းစာရင်း၊ ပါ၀င်မည့် လူဦးရေ အစရှိသည်တို့ကို အကြောင်းကြား၍ သွားရောက်လှူဒါန်းနိုင်ပြီဖြစ်သည်ဟု ကိုဇော်ဝင်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်ကျောက်တော်မြို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့်   ဖြစ်ပေါ် လာသည့် ရခိုင်ဒေသခံများ၏ နေရပ်စွန့်ခွာရှောင်တိမ်းရမှုနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည်။

"ရခိုင်အရပ်သားများ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုသတင်းများ သိရှိရသည့်အတွက် အမေရိကန် ပြည်ထောင်စုအနေဖြင့် စိုးရိမ်ပူပန်မိပါသည်" ဟု အမေရိကန်သံရုံးက ဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...