"အဓိကတော့ ငြိမ်းချမ်းရေး၊ အမျိုးပြန်လည် သင့်မြတ်ရေးကိစ္စရပ်အပေါ်။ နောက်ပြီးတော့ UPWC နဲ့ NCCT ဆွေးနွေးပြီးတော့ NCA မူကြမ်းကို လက်မှတ်ရေးထိုးပြီးတဲ့အကြောင်း အများကြီးသဘောထားတွေ သိရှိအောင် သွားပြီး ဆွေးနွေးပွဲ တက်ရောက်တာ ဖြစ်ပါ တယ်" ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များက အဓိက တစ်နိုင်ငံလုံး အပစ်အခတ်် ရပ်စဲရေး အခန်းကဏ္ဍတွင် ဆွေးနွေး၍ အများဆန္ဒသဘောထားကို သိရှိနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း သူက ပြောသည်။
RCSS/SSA သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်သူများ၊ နိုင်ငံရေးပါတီများ၊ လူမှုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခြင်း ဖြစ်သည်ဟုလည်း ဧပြီလ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်မည့် ကြေညာချက်တွင် ဖော်ပြထားသည်။
မေလ ၁ ရက်မှ ၃ ရက်ထိ သုံးရက်ကြာ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တွေ့ဆုံ ဆွေးနွေးပွဲသို့ RCSS/SSA မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စိုင်းရီ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ကွဏ်းစင့်၊ အဖွဲ့ဝင်များ ဖြစ်သော ဒုဗိုလ်မှူးကြီး အောင်မြ၊ ဗိုလ်မှူး တင်းခေး၊ စိုင်းစံအေး၊ စိုင်းမြမောင်နှင့် စိုင်းခမ်းစန်တို့ ရ ဦး တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါ အဖွဲ့သည် ပန်ဆန်းမြို့သို့ ဧပြီလ ၂၈ ရက်တွင် စတင်ထွက်ခွာမည်ဖြစ်သည်။
RCSS/SSA အပါအဝင် KIO၊ KNU၊ KNPP၊ NMSP၊ PNLO၊ SSPP/SSA ၊ AA၊ PSLF၊ MNDAA တို့ အပါအဝင် ၁၂ ဖွဲ့ကို UWSA က ဖိတ်ခေါ်ထားသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ထိပ်သီး ခေါင်းဆောင်း ဥက္ကဌ ဦးဇောင်းဟရား၊ ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လနှင့် KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ခေါင်တို့ တက်ရောက်မည် ဖြစ်သည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)နှင့် ရခိုင်တပ်မတော် (AA) အဖွဲ့အား အစိုးရဘက် ဖိတ်ခေါ်ခြင်း မပြုရန် ပြောဆိုမှုများ ရှိသော်လည်း UWSA ကမူ ဖိတ်ခေါ်ထားသဖြင့် ထိုအဖွဲ့များမှ ကိုယ်စားလှယ်များလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။







