ကချင်ဒေသတွင် တိုက်ပွဲများကြောင့် အစိုးရနှင့် ကချင်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ တစ်ပတ်အတွင်းတွေ့မည်

ကချင်ဒေသတွင် တိုက်ပွဲများကြောင့် အစိုးရနှင့် ကချင်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ တစ်ပတ်အတွင်းတွေ့မည်
by -
မဇ္ဈိမ
တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခညှိနှိုင်းအဖွဲ့တို့ မကြာမီ တွေ့ဆုံရန် စီစဉ်နေသည်ဟု KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင်က ပြောသည်။

မူလက လာမည့် မေလ ပထမပတ်တွင် ပြန်လည် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားသော်လည်း ကချင်ပြည်နယ် ဖားကန့်နှင့် တနိုင်းဒေသများတွင် အစိုးရ စစ်တပ်နှင့် KIA တပ်တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာသဖြင့် ယခု ရက်သတ္တပတ်အတွင်း နှစ်ဖက် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဝင်တို့ ပြန်လည်တွေ့ဆုံမည် ဖြစ်သည်။

“ကျွန်တော်တို့ နှစ်ဖက် တွေ့ပြီးတော့ ဖြေရှင်းညှိနှိုင်းဖို့တော့ လုပ်နေတယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်ရက်တွေ့မယ်ဆိုတာ မသိသေးဘူး။ ပုံမှန်တွေ့နေတာက တစ်လတစ်ကြိမ်တွေ့ဖို့ ညှိနှိုင်းထားတာ။ ဒါပေမဲ့ ဒီလ ၆ ရက်နေ့မှာ တစ်ကြိမ်တွေ့ ထားတယ်။ နောက်တစ်ကြိမ် ပြန်တွေ့ဖို့ မေလ ပထမပတ်မှာ တွေ့ဖို့ ချိန်းထားတယ်။ ဒါပေမဲ့ တပ်ရင်း ၆ နဲ့ တပ်ရင်း ၁၄ ကိစ္စဖြစ်တော့ မေလမရောက်ရင်လည်း ဒီရက်အတောအတွင်း တွေ့ရအောင်လို့တော့ ပြောတယ်။ ရက်အတိအကျ မသတ်မှတ်ရသေးဘူး။ ဒီတပတ်အတောအတွင်းမှာတော့ ဖြစ်နိုင်မယ်ထင်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က အစိုးရ စစ်တပ်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် KIO လိုင်ဇာဗိုလ်လောင်းသင်တန်းကျောင်းသား ၂၃ ဦးသေဆုံးခဲ့ပြီးနောက် KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က တွေ့ဆုံမှု ရပ်ဆိုင်းခဲ့ရာမှ ဧပြီလ ၆ရက်က ပြန်လည်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပုံမှန် ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန် သဘောတူခဲ့ကြသည်ဟု သူက ပြောသည်။

“ပြဿနာတွေ ပဋိပက္ခတွေ ရှိနေတာကြောင့်မို့ ဒီပဋိပက္ခတွေ ရှိနေလို့ တွေ့တယ်ဆိုတော့ လွန်ခဲ့တဲ့ တိုက်ပွဲတွေ ဘယ်လို စဖြစ်လာတယ်။ အဲဒါကို တဖက်ကရတာနဲ့ ကိုယ်ရတဲ့ သတင်းဖြစ်စဉ်တွေအပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးမှာပေါ့”ဟု ၎င်းက မဇ္စျိမကို ပြောသည်။

ဧပြီလ ၁၈ ရက်မှစတင်၍ ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် တနိုင်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နှင့် ၁၄ နယ်မြေအတွင်း အစိုးရ စစ်တပ်တို့ လှုပ်ရှားလာသဖြင့် ဧပြီလ ၂၁ ရက်ထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

သို့သော် ဧပြီလ ၂၂ ရက်တွင်မှု တနိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှု သတင်းမရသေးဘဲ တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ အင်ဂါးဂါး ကျေးရွာသားများ တနိုင်းမြို့ပေါ် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဗိုလ်မှူးကြီး ဇော်တောင်က ပြောသည်။

“ပိတ်မိနေတယ်ဆိုတာက တပ်ရင်း ၁၄ နမ်ခါရွာတို့၊ နမ်ဗျူရွာတို့၊ အင်ဂါးဂါးရွာတို့ ဆိုတာက မှော်နေရာ ရွှေတူးတဲ့နေရာတွေ ဖြစ်တဲ့အတွက် တစ်ချို့က အဲဒီမှာ အခြေချနေထိုင်တဲ့လူတွေ မဟုတ်ဘဲနဲ့ မြို့ပေါ်က လက်လုပ်လက်စား ရွှေလာတူးတဲ့လူတွေကတော့ ပိတ်မိနေတဲ့ ပုံစံမျိုးတော့ ရှိတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ရွှေမှော်များသည် တရားဝင်မှော်များ မဟုတ်ကြောင်း အစိုးရ စစ်တပ်က KIA တပ်ရင်း ၁၄ သို့ သွားရာ ကားလမ်းများကို ပြီးခဲ့သည့် မတ်လကတည်းက ပိတ်ထားခဲ့သည်ဟု သူက ပြောသည်။

၎င်း ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က ပြည်ထောင်စု ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် KIO တို့ သဘောတူညီချက်ပါ “ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးယန္တရား” ပထမအဆင့်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

ထိုအဖွဲ့တွင် တစ်ဖက်စီတွင် ၅ ဦး အဖွဲ့ပါဝင်ဖွဲ့စည်းထားသည်။ အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြံုရေး ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်က အဖွဲ့ဝင်များဖြစ်သောအဖွဲ့ဝင်  ၅ ဦးနှင့် KIO ဘက်မှ ဗဟို ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သော ၅ ဦးတို့ တက်ရောက်ဆွေးနွေးမည် ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...