အခြေခံဥပဒေကို ဇူလိုင်လအတွင်း ပြင်ဆင် အတည်မပြုနိုင်လျှင် အစိုးရအဖွဲ့ တာဝန်မကျေဟုဆို

အခြေခံဥပဒေကို ဇူလိုင်လအတွင်း ပြင်ဆင် အတည်မပြုနိုင်လျှင် အစိုးရအဖွဲ့ တာဝန်မကျေဟုဆို
by -
မဇ္ဈိမ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်အတည်ပြုခြင်းကို ဇူလိုင်လမကုန်မီ မဆောင်ရွက်နိုင်ပါက လက်ရှိအစိုးရသည် သမိုင်းပေးတာဝန်ကို မကျေပွန်သည့် အစိုးရအဖြစ် မှတ်တမ်းဝင်သွားမည်ဟု ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် လွှတ်တော်တွင်းရှိ တိုင်းရင်းသား ကိုယ်စားလှယ်များ ခေါင်းဆောင် ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။

“သြဂုတ်လ ၁ ရက်မတိုင်ခင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်အတည်ပြုပြီးသားကို လူထုကို ချပြနိုင်ရမယ်။ ဒီလိုချပြနိုင်မှသာ အားလုံး ပါဝင်နိုင်မယ့် ရွေးကောက်ပွဲကို ကျင်းပနိုင်မှာ၊ ဒီလိုမှ မဟုတ်ရင် လက်ရှိအစိုးရဟာ သမိုင်းပေးတာဝန် မကျေပွန်တဲ့ အစိုးရအဖြစ် မှတ်တမ်းဝင်သွားမှာ” ဟု ၎င်းက ပြောသည်။

ဧပြီ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အရေးပါလှသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှု၏ နောက်ဆက် တွဲ တွေ့ဆုံမှုများကို ပြန်လည်ကျင်းပမည့် လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးများ မတိုင်မီ (မေလ ၁၁ ရက်မတိုင်မီ) ပြုလုပ်သင့်သော်လည်း နိုင်ငံတော် သမ္မတရုံး၏ အချိန်ဆွဲ မဟာဗျူဟာအရ လွှတ်တော် အစည်းအဝေးများ စပြီးနောက်ပိုင်းမှ ပြုလုပ်မည်ဆိုလျှင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အပါအဝင် အခြေခံဥပဒေ ပြင်ဆင်အတည်ပြုပြီး လူထုထံ ချပြနိုင်ရေး လုပ်ငန်းများအတွက် အချိန် မလုံလောက်တော့သည်ကို ရည်ညွှန်းလျက် ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်နိုင်ခြင်းမရှိပါက ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် NLD ပါတီ၏ ရွေးချယ်မှု တစ်ခု ဖြစ်လာနိုင်သည်ဟု ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုတွင် ပါဝင်သည့် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ပြီး နိုင်ငံရေးပါတီအချို့ကလည်း ထိုရွေးချယ်မှုနောက်သို့လိုက်ပါသွားပါက အားလုံးပါဝင်သော အောင်မြင် သည့် ရွေးကောက်ပွဲ ဖြစ်မလာနိုင်တော့သည့် အခြေအနေတွင် ရှိနေသည်။

“အားလုံးပါဝင်မယ့် ရွေးကောက်ပွဲကသာလျှင် နှစ်ပေါင်း ၆၀ ကြံုတွေ့နေရတဲ့ နိုင်ငံတော်ရဲ့ အကျပ်အတည်းပေါင်းစုံကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်၊ ဒီလို အားလုံးပါဝင်နိုင်ဖို့ စီမံခန့်ခွဲမှုပိုင်းက အစိုးရမှာ တာဝန်ရှိတယ်။ အားလုံးပါဝင်မယ့် ရွေးကောက်ပွဲဖြစ်ရေးမှာ အဓိကအဟန့်အတားက ဘာလဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရွေးကောက်ပွဲမတိုင်မီ အချိန်မီ ပြင်ဆင်အတည်ပြုနိုင်ရေးပဲ”  ဟုလည်း ရခိုင် အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ရှင်းပြသည်။

ရွေးကောက်ပွဲ လုပ်မည့်ရက်မှ ရက် ၆၀ (မဲဆွယ်ကာလ) နောက်ဆုတ်ပြီး ထိုနေ့မှ အမတ်လောင်း အမည်စာရင်း တင်သွင်းရမည့်နေ့အတွက် နောက်ထပ် တစ်လ၊ စုစုပေါင်း သုံးလ နောက်ဆုတ်ရမည် ဖြစ်ရာ ထိုအမတ်လောင်း အမည်စာရင်းကို နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလ အမတ်လောင်းများက ရွေးကောက်ပွဲ ကော်မရှင်သို့တင်သွင်းလာရေးအတွက် မတင်သွင်းမီ နှစ်ပတ်အလိုကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် အတည်ပြုပြီးသား ဖြစ်နေဖို့လိုကြောင်းလည်း ၎င်းက ရှင်းပြသည်။

“ဒီတော့ ရက်ပေါင်း ကိုးဆယ်ရယ် နှစ်ပတ်ရယ်ဆိုတော့ ရွေးကောက်ပွဲမဝင်မီ ရက်ပေါင်း ၁၀၄ ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်နိုင်မှ ဖြစ်မယ်။ ရွေးကောက်ပွဲ မတိုင်ခင် ရက် ၉၀ သည် သြဂုတ် ၁ ရက်၊ အဲဒီ မတိုင်ခင် နှစ်ပတ်သည် ဇူလိုင် ၁၄ ရက်၊ အဲဒီ ဇူလိုင် ၁၄ မှာ အနည်းဆုံးတော့ Referendum (ပြည်သူ့ဆန္ဒခံယူပွဲ) ကို ကျင်းပပြီး ဖြစ်ရမယ်။ ဇွန်လ ၃၀ ရက်မတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်အတည်ပြု ပြဋ္ဌာန်းပြီး ဖြစ်ရမယ်။ ဒါကြောင့် လာမယ့် မေလ ၁၁ ကနေ ဇွန် ၁၅ အတွင်းမှာ ခြောက်ပွင့်ဆိုင်တွေ ့ဆုံပွဲရဲ့ ရလဒ်ကောင်းတွေကို ကြေညာပြီးဖြစ်ရမယ်။ Referendum မှာ ပါတဲ့ အရေးကြီးပုဒ်မ ၅၉ ရဲ့ ပြင်ဆင်ချက်တွေကို လူထုကို ထုတ်ဖော်ပြောကြားနိုင်ရမယ်” ဟုလည်း ဒေါက်တာအေးမောင်က တွက်ချက်ပြသည်။

ထိုသို့ အချိန်ကိုက် ဆောင်ရွက်နိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်သည့် အခင်းအကျင်း ဖြစ်လာနိုင်သည်ဟူသည့် အယူအဆကို သမ္မတက လက်ခံဆောင်ရွက်ဖို့ အရေးကြီးကြောင်း၊ သို့မဟုတ်ပါက ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်ရမည့် အားလုံးပါဝင်နိုင်မည့် ၂၀၁၆ အစိုးရသစ် ဖွဲ့စည်းနိုင်ရေးအတွက် အခက်တွေ့နိုင်ကြောင်းလည်း ၎င်းက ဝေဖန်ထောက်ပြသည်။

ထိုသို့အချိန်ကိုက် ဆောင်ရွက်နိုင်ရန် အရေးတကြီး လိုအပ်နေကြောင်းကို ပြီးခဲ့သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တင်ပြတောင်းဆိုခဲ့ပြီး မေလ ၁၁ ရက် လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးများ ပြန်မစမီ အနည်းဆုံး တစ်ကြိမ်ခန့် ထပ်တွေ့နိုင်မည်ဟု အားလုံးက မျှော်မှန်းထားခဲ့သော်လည်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လွှတ်တော် အစည်းအဝေးများ ပြန်လည်စတင်ပြီးမှသာ ထပ်တွေ့နိုင်မည်ဟု တရားဝင် ဖြေကြားခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...