ဧပြီလ ရ ရက်က ကရင်နီဒုက္ခသည်စခန်းမှ အိမ်ခြေပေါင်း ၁၉၁ အိမ် မီးလောင်ခဲ့ပြီးနောက် နီးစပ်ရာ ရပ်ကွက် အုပ်ချုပ်ရေးရုံး ခန်းမ၊ ဌာနဆိုင်ရာ ရုံးများတွင် ယာယီခိုလှုံနေရာ ယခုထိနေအိမ်များ ပြန်လည်ဆောက် လုပ်နိုင်ခြင်း မရှိသေးကြောင်း သူကပြောသည်။
“တချို့က ဆွေမျိုးတွေနေအိမ်တွေမှာ နေတယ်။ တချို့က မိုးကာအောက်မှာပဲ တဲထိုးပြီးနေကြတယ်။ အစားအသောက်တွေက TBC ကနေဆန်နဲ့ ဆီတို့ပဲ ထောက်ပံ့နိုင်တယ်။ ဒါပေမဲ့ တခြား ဟင်းအတွက်က ထောက်ပံ့မယ့်အဖွဲ့ မရှိဘူး။ အစားအသောက်နဲ့ ပတ်သက်တာ ကူညီတာမရှိဘူး။ ဒါပေမဲ့ အဝတ်အစားတွေ စောင်လား။ လာကူညီတာတော့ ရှိတယ်။ ဒါပေမဲ့ ဟင်းဝယ်စားဖို့ မရှိဘူး။ အခက်အခဲက ဝယ်စားဖို့ ငွေမရှိဘူး။ နောက်တချက်က နေစရာနေရာ အိမ်အမြန်ဆုံး ပြန်ဆောက် လုပ်ချင်တာပဲ ရှိတယ်”ဟု ကရင်နီဒုက္ခသည် စခန်းကော်မတီ၏ ဒုဥက္ကဋ္ဌ ခူဖောက မဇ္ဈိမကိုပြောသည်။
လက်ရှိ ဘာသာရေးအသင်း အဖွဲ့များ၊ လူမှုအဖွဲ့ အစည်းများက ရန်ပုံငွေ ရှာဖွေပေးမှုများ ရှိသော်လည်း လက်ရှိ နေအိမ်ဆောက်လုပ် ရန်နှင့် အစားအသောက်အတွက် အခက်အခဲ ရှိနေသည်ဟု သူက မဇ္ဈိမ ကိုပြောသည်။
“ကျွန်မတို့ စခန်းကော်မတီမှာတော့ အလှူငွေတွေ သီးသန့် လာထောက်ပ့ံတာတော့ မရှိဘူး။ စခန်းက တစ်ဦးစီ၊ နှစ်ဦးစီ၊ ဘာသာရေး အသင်းတွေ ကျောင်းသူကျောင်းသားတွေလည်း ဆိုင်လေးတွေ ရောင်းပြီးတော့ ရန်ပုံငွေတွေ ရှာဖွေပေးတာတွေ ရှိတယ်။ သီးသန့်လာလှူတာ မရှိဘူး။ ဒီနန်းဆွယ်ကျေးရွာမှာ ဒေသအာဏာပိုင်တွေနဲ့ ပင်မကရင်စီဒုက္ခသည် စခန်းကော်မတီတို့ ကယ်ဆယ်ရေးစခန်းဖွင့်ထားတယ်။ အဲဒီမှာလာကူညီမယ်လို့တော့ ကျွန်မထင်တယ်”ဟု သူကပြောသည်။
အဆိုပါ ဒုက္ခသည်များအတွက် တစ်ခြားနေရာပြောင်းရွှေ့ ခိုလှုံမည့် နေရာမရှိသဖြင့် လက်ရှိ မီးလောင်သွားသော နေရာတွင်သာ လာမည့် ဧပြီလ ၂၇ ရက်တွင် အိမ်တစ်လုံး ဆောက်လုပ်ရန် စီစဉ်နေသည်ဟု သူက ပြောသည်။
မီးလောင်သွားသော ကရင်နီဒုက္ခသည်များ၏ နေအိမ် ပြန်လည်ဆောက်လုပ်ရန် အခက်အခဲများ ရှိနေသဖြင့် အလှူငွေများ ကူညီကောက်ခံပေးနေသူ ကိုပတ်ထရစ်က မဇ္ဈိမကိုပြောသည်။
“ကျွန်တော်တို့ အလှူခံထားတယ်။ ကျွန်တော်ကရင်နီ ဒုက္ခသည်ကော်မတီကို ပြန်ပေးပြီးမှ အလှူရှင်တွေကို ကျေးဇူးတင်ကြောင်း ပြန်ပို့မှာ ပါ။ ဒီနေ့ တာချီလိတ်က ၂ သောင်းကျော်ကျော်၊ ကိုအောင်ဆန်းမြင့်က ၂၀၀၀ အဲဒီလောက်ပဲ ရှိသေးတယ်။ တာချီလိတ်ကလူတွေ စုပြီးတော့ လှူတာ”ဟု သူက မဇ္ဈိမ ကိုပြောသည်။
၎င်း ကရင်နီဒုက္ခသည်စခန်းသည် ၁၉၈၄ ခုနှစ်က ပြည်တွင်း စစ်ပွဲများကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာသော ဒုက္ခသည်များ ဖြစ်ပြီး လက်ရှိ ဒုက္ခသည်ပေါင်း (၁၁,၆၆၃) ဦး ခိုလှုံနေသည်ဟု စခန်းကော်မတီ ဒုဥက္ကဋ္ဌ ခူဖောက မဇ္ဈိမကို ပြောသည်။







