ပန်ဆန်းတွင်ပြုလုပ်မည့် တိုင်းရင်းသားညီလာခံတွင် ကိုးကန့်အပါအဝင် သုံးဖွဲ့ကို မဖိတ်ရန် အစိုးရပြောသော်လည်း UWSA ဖိတ်ထား

ပန်ဆန်းတွင်ပြုလုပ်မည့် တိုင်းရင်းသားညီလာခံတွင် ကိုးကန့်အပါအဝင် သုံးဖွဲ့ကို မဖိတ်ရန် အစိုးရပြောသော်လည်း UWSA ဖိတ်ထား
by -
မဇ္ဈိမ
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဌာနချုပ် ပန်ဆန်းတွင် ကျင်းပမည့် လက်နက်ကိုင် တိုင်းရင်းသား ညီလာခံသို့ တက်ရောက်ရန် အဖွဲ့အစည်း ၁၂ ဖွဲ့ကို ဖိတ်ကြားလိုက်ပြီဟု UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

“ဖိတ်စာတွေ ပို့ပြီးပြီ။ တချို့လည်း ရပြီ။ တချို့လည်း မရသေးဘူး။ မရသေးတာတွေ အားလုံး ပြန်ပို့နေတယ်။ အခုလောလောဆယ်က ၁၂ ဖွဲ့ဖိတ်ထားတယ်။ မိုင်းလာက အစည်းအဝေးရဲ့ အထောက်အကူပြုအဖွဲ့ ဖြစ်တယ်။ ၆ ရက်က အားလုံးဖိတ်တာ။ တချို့က မရသေးတာတွေ ပြန်ပို့နေပါတယ်”ဟု ဦးအောင်မြင့်က မဇ္စျိမကို ပြောသည်။

လာမည့် မေလ ၁ ရက်မှ ၃ ရက်ထိ ပန်ဆန်းမြို့တွင်  သုံးရက်ကြာ ကျင်းပမည့် တိုင်းရင်းသား ညီလာခံကို KIO၊ KNU၊ KNPP၊ RCSS/SSA၊ NMSP၊ PNLO၊ SSPP/SSA ၊ AA PSLF၊ MNDAA တို့ အပါအဝင် ၁၂ ဖွဲ့ကို ဧပြီလ ၆ ရက်က ဖိတ်ကြားထားပြီး ကျန်အဖွဲ့များကို ဧပြီ ၁၄ရက်တွင် ဖိတ်စာများ ဆက်လက်ပို့နေသည်ဟု ဆိုသည်။

လက်ရှိ အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသော ရခိုင့်တပ်မတော် (AA)၊ PSLF၊ MNDAA တို့ကိုမူ ဖိတ်ကြားခြင်း မပြုရန် အစိုးရဘက်က ပြောဆိုခဲ့သော်လည်း UWSA ကမူ ဖိတ်ကြားထားပြီး ဖြစ်သည်ဟု  ဦးအောင်မြင့်က ပြောသည်။

အဆိုပါ ဖိတ်ကြားထားသူများမှ KNU အား ပေးပို့သော ဖိတ်စာတွင် ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ (ကော်သူးလေတပ်မတော် -KNU-KAF) ဟု လိပ်မူထားသဖြင့် KNU က အဆိုပါ အဖွဲ့ကို သုံးစွဲခြင်း မရှိဟု အကြောင်းပြန်လာ သဖြင့် ပြန်လည် ပြင်ဆင်ပေးပို့လိုက်သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အစည်းအဝေး ကျင်းပရန်ဆုံးဖြတ်ခဲ့ခြင်းနှင့် မတ်လ ၃၁ ရက်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းကို သဘောတူခဲ့သဖြင့် တစ်ခြား အဖွဲ့အစည်းများကိုလည်း ထပ်မံ ဖိတ်ကြားရန် ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဦးအောင်မြင့်က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော WNO၊ LDU၊ ANC၊ CNF၊ DKBA၊ ALPနှင့် KPC စသည့် အဖွဲ့အစည်း ရ ဖွဲ့ကို ဖိတ်ကြားထားခြင်း မရှိသေးကြောင်း သူက ပြောသည်။

“ခုနပြောတဲ့ ကျန်နေတဲ့အဖွဲ့တွေကို ဆက်ဖိတ်အုန်းမလား၊ မဖိတ်ဘူးလား။ ဘယ်အဖွဲ့တွေ ဖိတ်မယ်ဆိုတာပဲ ကျန်နေတယ်။ ဘာကြောင့်လည်းဆိုတော့ နှစ်လပိုင်းမှာဆုံးဖြတ်တယ်ဆိုတော့ အခုဟာက မတ်လက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ နောက်အခြေအနေတွေ နည်းနည်းပြောင်းတာရှိတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

သုံးရက်ကြာ ပန်ဆန်းမြို့တွင် အစည်းအဝေးကို ကျင်းပရန် သေရှာနေပြီ ဖြစ်ကြောင်း သူက ပြောသည်။ ထိုအစည်း အဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းနှင့် နိုင်ငံရေးအခြေအနေများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...