"စစ်မှန်တဲ့ ဖက်ဒရယ်ပေါ်ပေါက်ရေး ဖွဲ့စည်းပုံပါ ပုဒ်မတွေပြင်ဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပက်သက်ပြီး ပြည်နယ် လွှတ်တော်က တပ်မတော်သားတွေကို ကနဦးဆုံး ထုတ်ပေးဖို့၊ မဟုတ်ရင် ကိုယ်ပိုင်ပြဌာန်းခွင့် အုပ်ချုပ်ခွင့်က အနှောက်အယှက်ဖြစ်တယ်" ဟု ၎င်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၅ရာခိုင်နှုန်းစီ ပါဝင်နေသည့် တပ်မတော်သား ကိုယ်စားလှယ်များကို ပြည်နယ်လွှတ်တော်များမှ ဦးစွာ ပယ်ထုတ်ပြီးနောက် ပြည်ထောင်စုအဆင့် ပြည်သူနှင့် အမျိုးသားလွှတ်တော် တို့တွင် အဆင့်ဆင့်၊ ကာလရည်မှန်းချက်ထားရှိကာ ပယ်ထုတ်ရန် အတွက် ဒေါက်တာအေးမောင်က ဆွေးနွေးမည်ဖြစ်သည်။
ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဦးခင်အောင်မြင့်နှင့် တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့က ဧပြီလ ၁၀ရက် နံနက် ၉နာရီတွင် သမ္မတ အိမ်တော် ငုဝါခန်းမတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
၂၀၁၂ခုနှစ် နှစ်လယ်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံမှုများပြီးနောက်ပိုင်း ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် လေးပွင့်ဆိုင်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က တစ်စိုက်မတ်မတ် တောင်းဆိုလာခြင်းကို ဦးသိန်းစိန်က ခြောက်ပွင့်ဆိုင်အဖြစ် ဧပြီလ ၁၀ ရက်တွင် တွေ့ဆုံခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအတွင်း သယံဇာတခွဲဝေရေးတွင်လည်း ပြည်နယ်တိုင်းများကိုယ်တိုင် ပမာဏအတိုင်းအတာ တစ်ခုထိ ကိုယ်ပိုင် စီမံခန့်ခွဲထုတ်ယူနိုင်မည့် စာချုပ်သဖွယ် ဥပဒေပြဌာန်းချက်များအဖြစ် ပြင်ဆင်နိုင်ရန်ကိုလည်း တင်ပြဆွေးနွေးမည်ဟု ၄င်းက ပြောသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်နှင့် အစိုးရတို့ကို တောင်းဆိုနေပြီး ယခုအချိန်ထိ ထိရောက်သည့် ပြင်ဆင်မှုများ မရှိသေးပေ။
ဦးသိန်းစိန်အစိုးရကမူ ခြောက်ပွင့်ဆိုင်မတွေ့ဆုံမီ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပါတီအချို့မှ ခေါင်းဆောင်များ နှင့် ဧပြီလ ၈ ရက်တွင် ဒုတိယအကြိမ်တွေ့ဆုံကာ ၂၀၁၅အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေး၊ ကြားကာလ တည်ငြိမ်အေးချမ်းရေးတို့နှင့် ပက်သက်ပြီး ဆွေးနွေးမည်ဟု ဆိုသော်လည်း အပစ်ရပ်မူကြမ်းနှင့် ရွေးကောက်ပွဲအရေး သာ ဆွေးနွေးခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆွေးနွေးခြင်း မရှိခဲ့ပေ။
"ဖွဲ့စည်းပုံကို ပြင်ပြီး ရွေးကောက်ပွဲ လုပ်နိုင်ရေးအတွက်ကို အခုနိုင်ငံရေးက အကျပ်အတည်းဖြစ်နေတယ် အဆိုးဖက်ကော အကောင်းဖက်ကော ရောက်နိုင်တယ်၊ အကောင်းဖက်ကို ရောက်ဖို့ အစိုးရက အရေးကြီးဆုံးပဲ" ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ဧပြီလ ၁၀ရက် တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တပ်မတော်တို့မှ ထိပ်တန်းခေါင်းဆောင်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်တို့ မြန်မာနိုင်ငံရေး၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပထမဆုံး တွေ့ဆုံသည် ဆွေးနွေး မှုလည်းဖြစ်သည်။







