ခြောက်ပွင့်ဆိုင် တကယ်တွေ ့ဖြစ်ပြီဟု သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ပြော

ခြောက်ပွင့်ဆိုင် တကယ်တွေ ့ဖြစ်ပြီဟု သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ပြော
by -
မဇ္ဈိမ
ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲကို ဧပြီ ၁၀ ရက်တွင် ပြုလုပ်မည်ဟု ပြန်ကြားရေးဝန်ကြီးက ဧပြီ ၈ရက် ညနေက သတင်းစာရှင်းပွဲတွင် မီဒီယာသို ့အတည်ပြုပြောကြားခဲ့သည်။

“ဒီနေ့ဆွေးနွေးပွဲအကြောင်း မရှင်းပြခင် ပြည်ထောင်စုလွှတ်တော်ကနေ အရေးကြီးအဆိုအဖြစ် တင်သွင်းဆုံးဖြတ်ထားတဲ့ ခင်ဗျားတို့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲလို့ခေါ်နေတဲ့ လူကြီးခြောက်ယောက်ရဲ့ နိုင်ငံ့ရေးရာ ဆွေးနွေးပွဲကို ကျွန်တော်တို့ ၁၀ ရက်နေ့မှာ လုပ်ပါ့မယ်။ နိုင်ငံတော်သမ္မတ အိမ်တော်မှာ လုပ်ပါ့မယ်။ အချိန်ကတော့ပြန်ပြီး အတည်ပြုပေးပါ့မယ်” ဟု ဦးရဲထွဋ်ကပြောခဲ့သည်။

ဧပြီ ၈ ရက် ညနေ ၃းဝဝ နာရီမှ ၆းဝဝ နာရီအထိ သမ္မတ အိမ်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံ့အကြီးအကဲများ၊ နိုင်ငံရေးခေါင်းဆောင် များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တပ်ချုပ် စုစုပေါင်း ၄၈ ဦးတို့၏ ဒုတိယအကြိမ် ဆွေးနွေးပွဲအကြောင်းကို ပြန်ကြားရေးဝန်ကြီးက မီဒီယာသို့ ပြန်ရှင်းမပြမီ အားလုံးက သိလိုစိတ်ပြင်းပြကြသော ခြောက် ပွင့်ဆိုင် တွေ့ဆုံမည့်နေ့ကို အတည်ပြုပြောကြားခြင်းဖြစ်သည်။

ရခိုင်သို့တာဝန်ဖြင့် သွားနေသော ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ခရီးလွန်နေသော ဒေါက်တာမဒမ်တူးဂျာ၊ ပြည်ပခရီး သွားနေသော ကရင်ပြည်နယ်မှ မြန်မာတိုင်းရင်းသားရေးရာ ဝန်ကြီးဦးခင်ကြူးနှင့် ကျားခေါင်းပါတီမှ  ဦးခွန်ထွန်းဦးတို့ မတက်ရောက်နိုင်ဘဲ ကျန် ၄၄ ဦးတို့တက်ရောက်ခဲ့သည့် အစည်းအဝေး အစပိုင်းမှာပင် သမ္မတက ယခုအစည်းအဝေး သည် ခြောက်ပွင့်ဆိုင် အစည်းအဝေး၏ အကြိုအစည်းအဝေးဖြစ်ကြောင်း၊ မကြာမီတွေ့ဆုံကြ မည်ဖြစ်ကြောင်းပြောခဲ့သော်လည်း မည်သည့်နေ့တွင် ပြုလုပ်မည်ကို မပြောကြားခဲ့ဘဲ ထိုအစည်းအဝေး ပြီးသည့်နောက်ပိုင်းမှသာ ဦးရဲထွဋ်က အတည်ပြုပြော ကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ၄၄ဦး အစည်းဝေးနှင့် ပတ်သက်ပြီး ဝန်ကြီးက ဆက်လက်ရှင်းပြရာတွင် တံခါးပိတ် အစည်းအဝေးဖြစ်၍ အကြောင်းအရာ အသေးစိတ်ကိုပြောမပြနိုင်သော်လည်း အများစုဆွေးနွေးသည့် အကြောင်းအရာများကိုမူ ဤသို ့ဖြေကြားခဲ့သည်။

“သဘောတူထားတဲ့ NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်) မူကြမ်းအပေါ်မှာ အထူးသဖြင့် တိုင်းရင်းသားတွေဘက်က ဒီ NCA သဘောတူညီချက်ကို အတည်ပြုပေးနိုင်ဖို့ လိုအပ်တယ် ဆိုတဲ့ အကြောင်းကိုလည်း ဆွေးနွေး ခဲ့ပါတယ်၊ NCA နဲ့ ဆက်စပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး ပြုလုပ်နိုင်ရေးကိုလည်း frame work ခေါ် political dialogue ကို အမြန်ဆုံး ရေးဆွဲနိုင်ဖို့ ဆွေးနွေးကြပါတယ်၊ တိုင်းရင်းသားပါတီ ၅၆ ပါတီရဲ့ သူတို့ဟာ သူတို့ပြုစုထားတဲ့ frame work တွေ ရှိနေပါတယ်။ အဲဒီ အဖွဲ့အစည်း အသီးသီးက frame work တွေကို အမြန်ဆုံး ပေါင်းစည်းပြီး တစ်ခုတည်းသော မူဘောင်အဖြစ် လုပ်ဖို့လိုတယ်ဆိုတာလည်း ထည့်ဆွေးနွေးကြပါတယ်” ဟု ဝန်ကြီး ကပြောသည်။

ထိုနိုင်ငံရေးဆွေးနွေးပွဲတွေကို NCA မှာပါသည့် ရက်သတ်မှတ်ချက်များအတိုင်း ရွေးကောက်ပွဲမတိုင်မီ စတင်နိုင်ဖို့ လို အပ်ကြောင်း၊ ရွေးကောက် ပွဲကော်မရှင်က ရှင်းပြတဲ့ အခြေခံမဲစာရင်းများ စမ်းသပ်ထုတ်ပြန်သည့် အခြေအနေပေါ် ယခင်အတွေ့အကြုံများအရ အကြံပြုဆွေးနွေးမှုများလည်း ရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး တည်ငြိမ်မှုကိုသာမက ရွေးကောက်ပွဲအလွန် နိုင်ငံရဲ့ တည်ငြိမ်မှုကိုပါ စဉ်းစားဖို့လိုသည်ဟု ဆွေးနွေးမှုများလည်းရှိကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးများ အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်မည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးက ရှင်းပြသည်။

“နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေသာမက ကျန်တခြားတိုင်းရင်း သား ခေါင်းဆောင်တွေပါ ပါဝင်နိုင်ဖို့၊ နိုင်ငံရေးပါတီတွေအပြင် တခြား ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်မှ ဖြစ်မယ်ဆိုတာကို ပြောဖြစ်ကြပါတယ်၊ အစ်မကြီးဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည့်ပြည့်စုံစုံလေး ကို ပြောသွားတယ် လို ့ပြောနိုင်ပါတယ်”ဟုလည်း ဝန်ကြီးဦးရဲထွဋ်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပုဒ်မတချို့ကို ထည့်သွင်းပြောကြားမှုများလည်း ရှိကြောင်း၊ Power sharingတို့၊ သယံဇာတခွဲဝေခြင်းတို့၊ အခွန်ခွဲဝေခြင်းကိစ္စတို့ကို ထည့်သွင်းဆွေးနွေးမှုများလည်း ရှိခဲ့ကြောင်း ဦးရဲထွဋ်က ဖြည့်စွက်ပြောခဲ့သည်။

Most read this week

December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...