“ဒီလိုပဋိပက္ခတွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို အထိခိုက်ခံမှာ မဟုတ်ဘူး ဆိုတာကိုလည်း ပြော ကြားလိုပါတယ်” ဟု သမ္မတကဆိုသည်။
ကိုးကန့်လက်နက်ကိုင်မျာနှင့် အစိုးရတပ်မတော်တို့ ဖြစ်ပွားသည့် မတ်လ ၁၃ရက် ညနေပိုင်း တိုက်ပွဲများကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင်၊ မုန်တိမ်မြို့ တာရွှေရှန်းတုကျေးရွာအနီး ကြံခင်းတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသား ငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်အတွက် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ဧပြီ ၂ ရက်တွင် တောင်းပန်ခဲ့ရသည်။
သမ္မ၏ မိန့်ခွန်းတွင် တိုင်းရင်းသားများ၊ လူနည်းစု အခွင့်အရေးများကို အကာအကွယ်ပေးရန် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင် ရွက်နေသည်ဟုဆိုကာ ကိုးကန့်ဒေသတွင် အရေးကြီးလုပ်ငန်းစဉ်အဖြစ် တည်ငြိမ်အေးချမ်းမှုကို အဓိကထား လုပ်ဆောင်နေသည်ဟုလည်း ပြောသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဖုန်းကြားရှင်ခေါင်းဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ ဖေဖော်ဝါရီ ၉ ရက်က စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် အဆင့်အဆင့်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သည်ဟု သမ္မတက ပြောသည်။
“ကျွန်တော်တို့ ကြိုးပမ်းတည်ဆောက်နေတဲ့ နိုင်ငံတော်သစ်မှာ တိုင်းရင်းသားများ၊ လူနည်းစုများရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ဆိုတဲ့ ကိစ္စရပ်တွေကိုလည်း ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်နေတာဖြစ်တယ်”ဟု သမ္မတကဆိုသည်။
ယင်းအပြင် ဒီမိုကရေစီ အသွင်းကူးပြောင်းနေသည့်ကာလအတွင်း တိုင်းပြည်၏ လက်ရှိ နိုင်ငံရေးအခြေအနေများကို လက်တွေ့ကျကျရှုမြင်၍ အောင်မြင်သော အသွင်ကူးပြောင်းရေးဖြစ်ရန် အားလုံးက ၀ိုင်းဝန်းကြိုးစားကြရမည် ဖြစ်သည်ဟုလည်း သမ္မတက တိုက်တွန်းထားသည်။
ရွေးကောက်ပွဲအကြိုကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး ပြည်သူလူထု နိုင်ငံရေးတွင် ပါဝင်ခွင့်ရရန် ကြိုးပမ်းရန်လည်း သမ္မတက တိုက်တွန်းထားသေးသည်။
မကြာမီ လအနည်ငယ်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ပြီး သဘောတူညီချက် ရရှိအောင်ဆွေးနွေးနိုင်ခဲ့သည့် နှစ်ဖက် အဖွဲ့ကိုလည်း လေးစားဂုဏ်ယူမိသည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆိုသည်။
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြမှုနှင့် ပတ်သက်၍ ဒီမိုကရေစီကျင့်စဉ်များအရ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက် မှုကို အသိအမှတ်ပြုရမည့်နည်းတူ တည်ဆဲဥပဒေနှင့် စည်းကမ်းများကို လေးစားလိုက်နာကြရန်လည်း လိုအပ်သည်ဟု သမ္မကသတိပေးသည်။







