ပြည်ထောင်စုအစိုးရဘက်က NCCTတွင်ပါ၀င်သည့် အဖွဲ့ဆယ့်ခြောက်ဖွဲ့သာ အပစ်ရပ်လက်မှတ်ရေးထိုးရန် ဆန္ဒရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ တိုင်းရင်းသားအဖွဲ့ ၂၂ ပါ၀င်လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေသည်။
"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာ တစ်ဖွဲ့မှ ကျန်ခဲ့လို့မရပါဘူး။ ဒါကို ပြန်အစိုးရနဲ့ပြန်ညှိရမယ်။ မညှိနိုင်ရင်တော့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့အတွက် ကြီးမားတဲ့ အခက်အခဲဖြစ်နိုင်ပါတယ်"ဟု ဦးနိုင်ဟံသာက မဇ္စျိမကိုပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို မူကြမ်းကို မတ်လ ၃၁ရက်တွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ကြား အပစ်ရပ်စာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) က ဒုဥက္ကဋ္ဌ ဦးအောင်မင်းက "ဆွေးနွေးပွဲ စတင်ဆောင်ရွက်တဲ့ အခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ ရှိပါတယ်။ ပထမအဆင့်အနေနဲ့တော့ ဒီဆယ့်ခြောက်ဖွဲ့နဲ့ပဲ လက်မှတ်ရေးထိုးနိုင်မှာ ဖြစ်ပါတယ်၊ ထပ်တိုးလာရင် ထပ်ဆွေးနွေးရရင် ပိုပြီးကြာနေမယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ မမှီနိုင်ဘူး ခင်ဗျ၊ ဒါကြောင့်ကျွန်တော်တို့က ဆယ့်ခြောက်ဖွဲ့နဲ့ပဲ ဆောင်ရွက်ပါမယ်၊ အချိန်ရရင်တော့ ရသလောက် ကျွန်တော်တို့ ဆက်ပြီးဆောင်ရွက် သွားပါမယ်"ဟု ဆိုသည်။
စာချုပ်ပါ အချက်များကို ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC)ဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (UPCC)ကို တင်ပြရဦး မည်ဖြစ်သည်။
ထို့အတူ NCCT ဘက်ကလည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို ပြန်လည် တင်ပြရဦးမည်ဖြစ်သည်။ ထိုသို့တင်ပြရာတွင် NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ဆွေးနွေးဦးမည်ဖြစ်သည်။







