ကာချုပ်၏ ငြိမ်းချမ်းရေးမူ ၆ချက် နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း လက်ခံမည်မဟုတ်ဟု NCCTပြော

ကာချုပ်၏ ငြိမ်းချမ်းရေးမူ ၆ချက် နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း လက်ခံမည်မဟုတ်ဟု NCCTပြော
by -
မဇ္ဈိမ
တပ်မတော်က ထုတ်ပြန်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ကို နိုင်ငံရေးဆွေးနွေးပွဲများတွင် လက်ခံမည် မဟုတ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များက ပြောသည်။

"ကာချုပ် ငြိမ်းချမ်းရေးမူ ၆ ချက်က NCA မှာ မူလပုံစံအတိုင်း မလာပါဘူး၊ တစ်ချို့က ကွေ့ဝိုက်ပြီးလာတယ်၊ နောက်ဆုံး အချက် ၂ ချက်လည်း မပါပါဘူး။ အဲဒါတွေကို တိုင်းရင်းသားတွေ ဖက်က လက်မခံထားဘူး" ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္စျိမ ကိုပြောသည်။

နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒများကို လိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းမှုတွင် လိုက်ပါ လုပ်ဆောင်ရန် ဟူသည့် အချက် ၂ချက်ပါ၀င်သည့်  တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ  ၆ချက်ကို တိုင်းရင်းသားများက လက်ခံထားခြင်းမရှိသည့် အပြင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရာ တွင်လည်း ထည့်သွင်းမည် မဟုတ်ကြောင်း NCCT မှသိရသည်။

"သဘောထား ရပ်တည်ချက်ဖြစ်လို့ ဘယ်ဟာကတော့ ဘယ်လိုဆိုတာကို အသေးစိတ်ဆွေးနွေးတာတော့ မပါပါဘူး၊ လိုက်နာရင်တော့ ထာဝရ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် ထုတ်ပြန်ထားပါတယ်။ အဲဒီအချက်ကိုတော့ အမြဲတမ်းစွဲကိုင်ထားမှာပါ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက မဇ္စျိမကိုပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့သည့် ၂၀၁၁ခုနှစ် သြဂုတ်လ ၈ရက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီးနောက် မူကြမ်းတစ်ရပ် ပေါ် ထွက်ရေးကို လပေါင်း ၁၇လတိုင် ဆွေးနွေးခဲ့ရသည်။ ယင်းနောက် သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း လေးနှစ်ပြည့်သည့် မတ်လ ၃၁ရက်တွင် NCA မူကြမ်းကို သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

"သူတို့ မူသဘောထားကို ကိုင်ထားလို့ရတယ်၊ နိုင်ငံရေး ဆွေးနွေးပွဲမှာလည်း အသုံးချလို့မရဘူး၊ ဒါကိုလက်မခံပါဘူး" ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က မဇ္စျိမကိုပြောသည်။

NCA မူကြမ်းကို တိုင်းရင်းသား     အဖွဲ့များ ကိုယ်စား    ၂၀၁၃ခုနှစ်နိုဝင်ဘာလတွင်း ကျင်းပသည့် လိုင်ဇာ တိုင်းရင်းသား ညီလာခံမှ ဖွဲ့စည်းခဲ့သော NCCT က ဦးဆောင်ဆွေးနွေးကာ သဘောတူညီထားမှုများကို အဖွဲ့ဝင်များ မဟုတ်သည့် အဖွဲ့များအပါအဝင် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၂ဖွဲ့သို့ ရှင်းလင်းကာ အစိုးရနှင့် ပြန်လည်ညှိနှိုင်းရန် ကျန်ရှိနေသေးသည်။

တပ်မတော် မူ ၆ချက်မပါ၀င်သည့် NCA မူကြမ်းကို မေလအတွင်း နေပြည်တော်တွင် အတည်ပြု လက်မှတ်ရေးထိုးနိုင်ရန် သမ္မတ ဦးသိန်းစိန်က ဆန္ဒရှိကြောင်း မူကြမ်းပါအချက်များ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အဖွင့်မိန့်ခွန်းတွင် ဆိုခဲ့သည်။

လက်ရှိတွင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ဖွဲ့နှင့် ပမာဏအပစ်ရပ် လက်မှတ်ရေး ထိုးထားပြီးဖြစ်သည်။

၁၇လ ကြာဆွေးနွေးကာ  အစိုးရ နှင့် NCCT တို့ကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် သဘောတူညီမှု ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ကြိုဆိုကြောင်း မတ်လ ၃၁ရက်က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...