ခြောက်ကြိမ်မြောက် ဆွေးနွေးမှုတွင် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ကာလအတွင်းက တစ်ဆို့ခဲ့သော “ကြားကာလ” အစီအစဉ်အပါအဝင် အချက်လေးချက်ကို အပြီးသတ်ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။
အချက်အားလုံးပြေလည်သွားပြီးဖြစ်သော်လည်း စာချုပ်ကို မည့်သည့်အချိန်တွင် လက်မှတ်ရေးထိုးမည်ကိုမူ သတ်မှတ်ထားခြင်းမရှိသေးပေ။
“ကြားကာလမှာ အန်ကယ်တို့ တပ်တွေရဲ့တည်ရှိမှုကို အသိအမှတ်ပြုမယ်၊ အချို့ကိစ္စလေးတွေကိုလည်း ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့သဘောတူညီမှုမျိုးရခဲ့တယ်”ဟု NCCT ပထမ ခေါင်းဆောင် နိုင်ဟံသာ ကပြောသည်။
အပစ်အခတ်ရပ်စဲရေးချုပ်ပါ အခန်း(၇)ခန်း၊ အပိုဒ် (၃၃)ပိုဒ်နှင့် အပိုဒ်ငယ် ၈၆ ပိုဒ်ကို ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။ စာချုပ်ပါ အချက်များနှင့် ပတ်သက်၍ အစိုးရ၏ သဘောထားကို MPC ၏ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “ဆွေးနွေးနေစဉ်မှာပဲ တပ်မတော်ဘက်ကရော၊ ဝန်ကြီးဦးအောင်မင်းတို့ ပြည်ထောင်စုအစိုးရ ဘက်ကရော လူကြီးတွေကို တင်ပြပြီး သဘောတူညီမှုရယူပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်ထောင်စု အစိုးရဘက်က ဒီစာချုပ်အတိုင်း လက်မှတ်ရေးထိုးနိုင်ဖို့ အသင့်ဖြစ်နေပါပြီ"ဟု ပြောသည်။
သို့သော် တိုင်းရင်းသား လက်နက်ကိုင်များကမူ တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါဝင်သော ညီလာခံ တစ်ခုခေါ်ယူ၍ စာချုပ်ပါ အချက်များကို ညှိနှိုင်းရဦးမည်ဟု NCCT ပထမ ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
“တိုင်းရင်းသားတွေဘက်က ၉၅ရာခိုင်နှုန်းလောက် တိကျမှု ရှိတယ်လို့ပြောနိုင်တယ်။ ဒါပေမယ့် စာချုပ်မှာ ဘယ်သူတွေ လက်မှတ်ထိုးမယ်ဆိုတာကို ပြန်ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်”ဟု နိုင်ဟံသာကပြောသည်။
အပစ်အခတ်ရပ်စဲရေး စာချုပ်မှ အချက်တစ်ချို့ဖြစ်သော လုံခြံုရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းနှင့် တပ်သားစုဆောင်းခြင်း စသော အချက်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရန် သဘောတူညီလိုက်ခြင်း ဖြစ်သည်။
စာချုပ်ပါ အချက်များ ဆွေးနွေးမှုအောင်မြင်သည့်အတွက် မတ်လ ၃၁ရက်တွင် UPWC နှင့် NCCT တို့ လက်မှတ်ရေထိုးကြမည်ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့အကြား ဆွေးနွေးမှုမှာ သုံးနှစ်ကျော်ကြာမြင့်ခဲ့ပြီး မတ်လ ၃၀ရက်နေ့တွင် အချက်အားလုံး သဘောတူနိုင်ခဲ့ခြင်း ဖြစ်သည်။







