ယင်းသို့ သတင်းမီဒီယာအဖွဲ့များ မတက်ရောက်ခြင်းသည် ၎င်းတို့အခွင့်အရေး ၎င်းတို့ပြုလုပ်ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ မဇ္ဈိမမီဒီယာ အယ်ဒီတာချုပ် ဦးစိုးမြင့်က ပြောသည်။
“ဒီလိုဆန္ဒပြတယ် ဆိုရင်လည်း သတင်းမီဒီယာတွေ သူတို့ အခွင့်အရေးသူတို့ လုပ်တာပဲလေ၊ ဒါပေမဲ့ ဒါဟာ အစိုးရရဲ့ ပွဲမဟုတ်ဘူး၊ ဒီလိုလာပြီး စကားပြောကြတဲ့ အထဲ အစိုးရရဲ့တာဝန်ရှိသူတွေ ပါသလို အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ်က သူတွေလည်း ပါတယ်၊ သတင်းမီဒီယာ အဖွဲ့တွေက တာဝန်ရှိတဲ့ သူတွေ ဝင်ဆွေးနွေးတဲ့ ဟာပေါ့” ဟု ဦးစိုးမြင့်က ပြောသည်။
IPI ညီလာခံသည် သတင်းမီဒီယာနှင့် သက်ဆိုင်သည့် အရေးကြီးကိစ္စများကို ဆွေးနွေးသည့် ညီလာခံတစ်ခုဖြစ်ကာ ရန်ကုန်မြို့တွင် ၃ရက်တိုင် ပြုလုပ်မည်ဖြစ်ပြီး ညီလာခံတွင်လည်း မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကိစ္စနှင့် ရွေးကောက်ပွဲတွင် မီဒီယာ၏ အခန်းကဏ္ဍများ ဆွေးနွေးမည်ဖြစ်ကြောင်း ဦးစိုးမြင့်၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် သတင်းသမားများအား ရိုက်နှက်ခြင်း၊ မတရား ဖမ်းဆီးထောင်ချမှုများ ရှိနေသည့် အတွက် ပြန်ကြားရေးဝန်ကြီး တက်ရောက်ရန်ရှိသည့် အဆိုပါ IPI ညီလာခံကို မြန်မာသတင်းသမားများ သပိတ်မှောက်သည့် အနေဖြင့် မတက်ရောက်ကြရန် မြန်မာဂျာနယ်လစ်ကွန်ယက် MJN က နှိုးဆော် ကြေညာထားသည်။
မြန်မာဂျာနယ်လစ်ကွန်ယက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် “ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး တက်ရောက်ရန်ရှိသော မတ်လ ၂၇မှ ၂၉ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပမည့် IPI International Press Institute နိုင်ငံတကာမီဒီယာ ကွန်ဖရင့်သို့ ပြည်တွင်းသတင်းထောက်များ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန်လည်း နှိုးဆော်ပါသည်၊ ယခုလို မတက်ရောက်ရန် သပိတ်မှောက်ခြင်းမှာ IPI ကို သပိတ်မှောက်ခြင်းမဟုတ်ဘဲ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုခြင်းသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု ရေးသားထားသည်။
မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ် ကွန်ယက် SMJN ညှိနှိုင်းရေးမှူး ကိုညဏ်စိုးလင်းက “သတင်းထောက်တွေကို အကြမ်းဖက်ဖမ်းတဲ့ ကိစ္စမှာ သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးတို့ တာဝန်ရှိပါတယ်၊ ဝန်ကြီးမတက်ဖြစ်ရင်တော့ ကျွန်တော်တို့တက်မှာပါ၊ သူတို့က တာဝန်ရှိသူတွေဆိုတော့ သူတို့တက်နိုင်တဲ့ပွဲမို့ ကျနော်တို့ မတက်ပဲ သပိတ်မှောက်တာပါ” ဟု ပြောသည်။
အလားတူ နိုင်ငံတကာမြန်မာ့သတင်း BNI အယ်ဒီတာများကလည်း အဆိုပါ IPI ညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်ထားသည်ဟု သိရသည်။
ယခုညီလာခံတွင် ဒေါက်တာ မိုဟာမက်ယူနပ်စ် (Dr. Muhammad Yunus) (နိုဘယ်ဆုရှင်) ၊ David Kaye (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်)၊ Austin Beutner (ထုတ်ဝေသူနှင့် အမှုဆောင်အရာရှိချုပ် –လော့စ်အင်ဂျလိစ်တိုင်းမ်စ်)၊ အူမာချီမာ (ပါကစ္စတန်မှ စူးစမ်းထောက်လှမ်းရေးသားသော သတင်းထောက်– Investigative reporter)၊ ဦးရဲထွဋ် (ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ – ပြန်ကြားရေးဝန်ကြီး) ၊ ချာလီဆန်းနက်ထ် (Charlie Sennott – ဂလိုဘယ်လ်ပို့စ်ထ် ပူးတွဲတည်ထောင်သူနှင့် ကဏ္ဍစုံအယ်ဒီတာ)၊ ဂျင်မ်ကလမ်ဆီ (Jim Clancy – စီအန်အန် သတင်းတင်ဆက်သူဟောင်းနှင့် သတင်းထောက်ဟောင်း) တို့အပြင် အခြား နာမည်ကြီး ဆွေးနွေးဟောပြောသူများ ပါဝင်မည် ဖြစ်သည်။
ယင်းစကားဝိုင်း ဆွေးနွေးပွဲ (panel discussion) များတွင် သတင်းစာပိုင်ဆိုင်မှုဆိုင်ရာ ပုံစံ (model) များနှင့် အယ်ဒီတာပိုင်းဆိုင်ရာ လွတ်လပ်မှု၊ စူးစမ်းထောက်လှမ်းရေးသားသော သတင်းစာပညာ (investigative journalism) ၏ အခန်းကဏ္ဍ၊ ပဋိပက္ခများနှင့် အကျပ်အတည်းများအား ကျင့်ဝတ်များနှင့်အညီ သတင်းထုတ်လုပ်နိုင်ရေးဆိုင်ရာ စိန်ခေါ်မှုများ၊ အမုန်းတရားဆိုင်ရာ ရေး သားပြောဆိုချက်များနှင့် အများပြည်သူ၏ အကျိုးစီးပွါးအတွက် သတင်းစာပညာ မြှင့်တင်ရေး တစ်ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်များအကြောင်း စသည်တို့ကို ဆွေးနွေးကြမည်ဟု သိရသည်။
International Press Institute (IPI) ကို ၁၉၅၀ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပေါ်ရှိ သက်တမ်းအရင့်ဆုံးနှင့် အထင်ရှားဆုံး မီဒီယာ လွတ်လပ်ခွင့် မြှင့်တင်ရေး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး အယ်ဒီတာများ၊ မီဒီယာ အမှုဆောင်များနှင့် ထင်ရှားသော သတင်းသမား (ဂျာနယ်လစ်)များ ပါဝင်သည့် နိုင်ငံတကာ ကွန်ရက်တစ်ခုဖြစ်ကာ နိုင်ငံ ၁၀ဝကျော်တွင် IPI အဖွဲ့ဝင်များ ရှိသည်။
World Congress ကမ္ဘာ့ညီလာခံသည် IPI ၏ အရေးကြီးသော နှစ်စဉ် ညီလာခံ တစ်ခုဖြစ်ကာ နိုင်ငံတကာ သတင်းစာစောင်များ၏ ရှေ့မျက်နှာဖုံးများတွင် မည်သည့်နိုင်ငံတကာသတင်းများ ပါဝင်သင့်ကြောင်း ဆုံးဖြတ်ရသော အယ်ဒီတာနှင့် သတင်းသမား ရာပေါင်းများစွာ သာမက မီဒီယာကဏ္ဍမှ ထိပ်တန်းအမှုဆောင် များကို ဆွဲဆောင်နိုင်သော ညီလာခံ တစ်ခုလည်း ဖြစ်သည်။







