တပ်ချုပ်က “၂၀၁၅ခုနှစ် နိုဝင်ဘာလဆန်းမှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးဟာ တို့နိုင်ငံအတွက် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အလွန်အရေးကြီးတဲ့ မှတ်တိုင်တစ်ခု ဖြစ်တယ်၊ နိုင်ငံတော်၏ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးပြီး ရွေးကောက်ပွဲမှာ လက်နက်ကိုင်ဖိအားပေး မဲထည့်ခိုင်းတာတွေ လက်နက်နဲ့ခြိမ်းခြောက် မဲထည့်ခိုင်းတာတွေ လုံးဝအဖြစ်ခံနိုင်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်” ဟု ဆိုသည်။
ထို့အပြင် တပ်မတော်အနေနှင့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်အောင် တာဝန်ရှိအဖွဲ့ အစည်းများ၊ ပြည်သူလူထုတို့နှင့်လက်တွဲ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြီး စနစ်တကျနှင့် ငြိမ်းချမ်းစွာ အောင်မြင်ပြီးမြောက်စေရေးအတွက် အဓိကလိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်ဖိအားပေးမှုမရှိဘူး၊ စည်းကမ်းနဲ့အညီ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ပဲ လုပ်ဆောင်ရမယ်၊ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေဘောင်ကို ကျော်လွန်ဆောင်ရွက် မှုတွေဟာ ဒီမိုကရေစီလမ်းကြောင်းက သွေးဖည်သွားစေတယ်” ဟု ထောက်ပြခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲကိုပါ ခြိမ်းခြောက်လျက်ရှိသည့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်း ပပျောက်ရေးအတွက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအားလုံးသည် ညီအစ်ကိုရင်းချာ မိသားစုစိတ်ဓါတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ယုံယုံကြည်ကြည် ညှိနှိုင်းဖြေရှင်းကြဖို့လိုအပ်ကြောင်း တပ်ချုပ်က ပြောခဲ့သည့်အပြင် “နိုင်ငံရေးအမြင် ကွဲလွဲခြားနားမှုတွေကို လက်နက်ကိုင်နည်းနဲ့ ဖိအားပေးရယူဖို့ ကြိုးပမ်းမှုတွေဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်ပျက်စီးစေတာကြောင့် တပ်မတော်အနေနဲ့ လက်ခံမှာ မဟုတ်” ဟုလည်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများနှင့် ပတ်သက်၍လည်း ၄င်းက “ပါတီနိုင်ငံရေးကို ဦးစားပေး လွန်းရင် နိုင်ငံတည်ငြိမ်မှု မရှိနိုင်ကြောင်း ကမ္ဘာ့နိုင်ငံအချို့ရဲ့ ဖြစ်ရပ်များက သာဓကပြပြီး ဖြစ်တယ်၊ အမျိုးသားရေးဝါဒကို အစွန်းရောက်စွာ ကျင့်သုံးရင်လည်း နိုင်ငံတော်တည်ငြိမ်မှုကို အခက်တွေ့စေမှာ ဖြစ်တယ်” ဟုလည်း ဝေဖန် ထောက်ပြခဲ့သည်။
နိုင်ငံ့ကာကွယ်ရေး စွမ်းအားတွင် အမျိုးသမီးများအား လေ့ကျင့်တာဝန်ပေးထားခြင်းနှင့် ပတ်သက်၍လည်း “နိုင်ငံလူဦးရေရဲ့ ၅၁ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးများ ဖြစ်တဲ့အတွက် အမျိုးသမီးအင်အားထုကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကာကွယ်ရေးစွမ်းအားတွေမှာ ထိရောက်စွာ အသုံးပြုဖို့ လိုအပ်တယ်” ဟုလည်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သေးသည်။
ကာကွယ်ရေး အရန်အင်အားဖြစ်သည့် မှီခိုသူ ရဲမေမိသားစုဝင်များကို နိုင်ငံတော်စွမ်းအားအရပ်ရပ် တိုးတက်ခိုင်မာစေရေးအတွက် ထိရောက်အကျိုးရှိစွာ အသုံးချသွားရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။







