ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများကို နိုင်ငံတကာအကူအညီပေးရေအဖွဲ့များ ဆက်ကူညီမည်

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများကို နိုင်ငံတကာအကူအညီပေးရေအဖွဲ့များ ဆက်ကူညီမည်
by -
ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများအား အကူအညီများ ဆက်လက်ပေးသွား မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မတ်လ ၂၄ရက်မှ ၂၅ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုက္ခသည်များအရေးဆိုင်ရာ ပုံမှန်အစည်းအဝေးတွင် နိုင်ငံတကာအကူအညီပေးရေအဖွဲ့အစည်းများ က ပြောဆိုခဲ့ကြသည်ဟု သိရသည်။

ကရင်ဒုက္ခသည်ကော်မတီ(KRC)နှင့် ဒုက္ခသည်စခန်း (၉)ခုမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)အပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO)များ၊ ကရင်လူထုအခြေပြု အဖွဲ့အစည်းများဖြစ်သည့် ကရင်လူငယ်အစည်းအရုံး (KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ကရင်ကျောင်းသားများ ကွန်ရက်အဖွဲ့ (KSNG) တို့မှ ကိုယ်စားလှယ်များက အစည်းအဝေးတွင် ဆွေးနွေး မှုခဲ့ကြရာမှ အကူအညီပေးရေးအဖွဲ့အစည်းများထံ ယခုလို သဘောထားရခဲ့ခြင်းဖြစ်သည်ဟု KRC တွဲဖက်အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။

“အကူအညီပေးတဲ့ အဖွဲ့တွေကတော့ သူတို့အနေနဲ့ အရင်အတိုင်းပဲ ဆက်လက်ကူညီသွားမယ်လို့ ကတိပေးတယ်။ ဒုက္ခသည်တွေကို မိမိဆန္ဒအလျောက် အခွင့်အရေးအပြည့်နဲ့ ယုံကြည်စိတ်ချရတဲ့အချိန် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်လည်အခြေချနေထိုင်တဲ့တစ်နေ့ကျမှ ကူညီမှုကို ရပ်မယ်ဆိုတဲ့ သဘောထားရှိပါတယ်”ဟု နော်ဘလူးမင်းနိုက်ဇန်က ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ထိုင်း- မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉)ခုကို ယခင် နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းပေါင်း ၅၀ကျော်က TBC မှတဆင့် အကူအညီများပေးနေပြီး ဒုက္ခသည်အများအတွက် ထောက်ပံ့ကြေးများ၊ ဆေးဝါး၊ အဆောက်အဦးနှင့် အခြားသော ကူညီမှုမပါဘဲ စားနပ်ရိက္ခာအတွက် တစ်ခုတည်းဖြင့် တစ်နှစ်လျှင် ထိုင်းဘတ်ငွေ သန်း(၆၀၀)ကျော် အကူအညီပေးနေကြောင်း သိရသည်။

ထို့အပြင် မဲဆောက်မြို့၌ ပြုလုပ်သည့် အစည်းအဝေးတွင် အကူအညီပေးရေးကိစ္စအပြင် ဒုက္ခသည်များ ပြန် လည်စိစစ်နေမှု အခြေအနေများဆွေးနွေးခဲ့ကြပြီး ပြန်လည်နေရာချထားရေး ကြိုတင်ပြင်ဆင်မှု တစ်ရပ်အနေဖြင့် ဒုက္ခသည်စခန်းများကို ယခုနှစ်အတွင်း ပြည်တွင်းသို့ ဆင်းကာ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်သွားစေမည် ဖြစ်ကြောင်း KRC က ဆိုသည်။

အကူအညီ ဆက်လက်ရရှိသွားမည့်အပေါ် မယ်လဒုက္ခသည်စခန်းတွင်နေထိုင်သူ စောနေဘလုက “အခု ဒီမှာ ရှိနေတဲ့ သူတွေက အကူအညီတွေ ဆက်ရမယ်ဆို ပိုဝမ်းသာရပါတယ်။ ပြည်တွင်းမှာထက်စာရင် ဒီမှာက ကျန်းမာရေး၊ ပညာရေးကအစ အဆင်ပြေတယ်။ အဲဒီတော့ အခုအခြေအနေအတိုင်းလေးပဲ ဆက်ရှိနေဖို့ လိုလားကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုအချိန်တွင် နိုင်ငံရေးအခြေအနေ၊ မူဝါဒ၊ စီးပွားရေးနှင့်အခြားသော အခြေအနေများကြောင့် အဆိုပါ အကူအညီပေးရေးအဖွဲ့အစည်းများက ထက်ဝက်ခန့်လျော့ကျသွားသဖြင့် ဒုက္ခသည်အကူအညီပေးရေးတွင် အနည်းငယ် လျော့နည်းသွားမည့် အခြေအနေရှိကြောင်းလည်း နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။

ယခင်လ ဖေဖော်ဝါရီ ၂၃ရက် မှ ၂၈ရက်နေ့အထိ KWO၊ ကရင်နီဒုက္ခသည်ကော်မတီ(KnRC)၊ နယ်စပ် အကူအညီပေးရေး ညွှန့်ပေါင်းအဖွဲ့(TBC)တို့မှ တာဝန်ရှိသူများက ဗြိတိန်နိုင်ငံရှိ ဒုက္ခသည်များအကူ အညီပေးရေးအဖွဲ့များ၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့မှ ဒုက္ခသည်များအပေါ် ဆက်လက်အကူညီပေးသွားမည့် သဘောထားများရရှိခဲ့ကြောင်း သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...