နိုဝင်ဘာလအတွင်း ဗဟိုကော်မတီအစည်းအဝေးမကျင်းပပေးပါက ချောင်းဆုံမြို့နယ် AMDP ပါတီဝင်များနှုတ်ထွက်မည်ဟုဆို

နိုဝင်ဘာလအတွင်း ဗဟိုကော်မတီအစည်းအဝေးမကျင်းပပေးပါက ချောင်းဆုံမြို့နယ် AMDP ပါတီဝင်များနှုတ်ထွက်မည်ဟုဆို
by -
မွန်သတင်းအေဂျင်စီ
AMDP ပါတီ ချောင်းဆုံမြို့နယ်အလုပ်မှုဆောင်အစည်းအဝေး
AMDP ပါတီ ချောင်းဆုံမြို့နယ်အလုပ်မှုဆောင်အစည်းအဝေး
မွန်တမျိုးသားလုံးကိုယ်စားပြု မွန်ပါတီပေါ်ထွန်းရေးဆိုင်ရာလမ်းစဉ် ရေးဆွဲနိုင်ရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များဝါ၀င်သည့် အစည်းအဝေးကို လာမည့်နို၀င်ဘာလကုန်အထိ နောက်ဆုံးထားကျင်းပပေးနိုင်ခြင်းမရှိပါက ချောင်းဆုံမြို့နယ် AMDP မြို့နယ်အလုပ်အမှုဆောင်များအားလုံးနှင့် ပါတီဝင်များ အပြီးအပိုင်နှုတ်ထွက်ကြမည်ဟု သတင်းရရှိသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာတွင် ပြုလုပ်သော မြို့နယ်အလုပ်အမှုဆောင်များ၏ အစည်းအဝေး၌ ဆုံးဖြတ်ချက်ချမှတ်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (ဗဟို) ဥက္ကဋ္ဌထံသို့ လိပ်မူပေးပို့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက မစည်းလုံးခဲ့ကြလို့ ကိုယ်စားလှယ်အများကြီးဝင်အရွေးခံတာလည်း မွန်တစ်ပြည်နယ်လုံးမှ လေးယောက်ပဲ အနိုင်ရတာဆိုတော့ ကျွန်တော်တို့ မွန်တမျိုးသားလုံးအတွက် အများကြီးနစ်နာတယ်၊ နောက်ထပ်ရွေးကောက်ပွဲတွေမှာလည်း ဒီလိုဖြစ်နေကြဦးမယ်ဆိုရင် ဘာမှထူးလာမှာမဟုတ်ဘူး မွန်တမျိုးသားလုံးအတွက်် မွန်ပါတီတစ်ခုတည်းပဲ ရှိထိုက်တယ်လို့ ရည်ရွယ်ပြီး အခုလို ပြုလုပ်ရတာပါ” ဟု AMDP ဗဟိုအလုပ်အမှုဆောင် နိုင်စိန်ထွန်းက ပြောသည်။

မွန်တိုင်းရင်းသားပြည်သူများနှင့် ရဟန်းသံဃာတော်များ၏ လိုအင်ဆန္ဒတောင်းဆိုချက်များဖြင့် မွန်တစ်မျိုးသားလုံး၏ ကိုယ်စားပြု မွန်ပါတီ တစ်ခုတည်းပေါ်ပေါက်ရေး အကောင်အထည်ဖော်ရန် ဗဟိုအဆင့်အလုပ်အမှုဆောင်အဖွဲ့မှ မွန်ပါတီပေါင်းစည်းရေးလမ်းပြမြေပုံကို ရေးဆွဲပေးနိုင်ခဲ့ခြင်း မရှိသည်ကို အဆိုပါ AMDP မြို့နယ်အလုပ်အမှုဆောင် သဘောထားတွင် ဖော်ပြထားသည်။

“ မွန်ရဟန်းသံဃာတော်တွေနဲ့ ပညာရှင်တွေဖွဲ့စည်းထားတဲ့ ပေါင်းစည်းဖို့ညှိနှိုင်းတုန်းကလည်း ကျွန်တော်တို့ AMDP ဗဟိုက ဘာမှ လှုပ်ရှားမှုမရှိခဲ့ဘူး၊ ပြီးတော့ ပေါင်းစည်းရေးအတွက်လည်း မူဝါဒ မချမှတ်ထားဘူး ဒါတွေက မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ဖို့အတွက် အခက်အခဲဖြစ်လာနိုင်တယ်” ဟု ချောင်းဆုံမြို့နယ် AMDP အတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

သို့ရာတွင် ၎င်းတို့သဘောထားပေးပို့ခြင်းနှင့်ပတ်သက်၍ AMDP ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးထိုင်ပြီးမှ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်းကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်း ၃၅ ဦးဝင်ရောက်ယှဉ်ပြိုင်သည့်အနက် ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး တစ်ဦးသာ ရွေးချယ်တင်မြောက်ခြင်း ခံရသည်။

April 2, 2026
အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ် ကားလမ်းပိုင်းကို သွားလာခွင့်ပြုပြီး ၃ ရက်အကြာ မတ်လ...
April 1, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ဒေသခံပြည်သူလူထု၏ အသံနှင့် သဘာဝပတ်ဝန်းကျင်...
April 1, 2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက သီးနှံစိုက်တောင်သူများ လုပ်ငန်းသုံး ရေတင်စက်များဖြင့် တန်းစီ...
March 31, 2026
တစ်လကျော်ကြာ ပိတ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်းကို မတ်လ ၂၇...