ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးမှုရုပ်သိမ်းပေးရန် MNP ပါတီတောင်းဆို

ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးမှုရုပ်သိမ်းပေးရန် MNP ပါတီတောင်းဆို
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းတွင် သစ္စာစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရွှေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုစာရင်းအသစ် ထုတ်ပေးရေးအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းပေးရန် မွန်အမျိုးသားပါတီမှ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ ဇွန်လ ၂၀ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ တောင်းဆိုပေးပို့ထားကြောင်း သိရသည်။

၎င်းသစ္စာစီမံချက်အရ မွန်ပြည်နယ်အတွင်း (၆) လမှ (၃) နှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူများကို သာမန်ရွှေ့ပြောင်းနေထိုင်သူများဟု သတ်မှတ်ပြီး မူလနေရပ်မှ အိမ်ထောင်စုစာရင်း အပြောင်းအရွှေ့အထောက်အထား တစုံတရာပြစရာမလိုပဲ အိမ်ထောင်စုစာရင်းအသစ် များ ထုတ်ပေးရန် စာရင်းကောက်ခံလျက် ရှိိနေသည်။

Open Letter

မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမ က “ နိုင်ငံသားတိုင်းက နိုင်ငံအတွင်း ဘယ်နေရာမှာမဆို လဝက ဥပဒေအရ အိမ်ထောင်စုစာရင်းရှိပြီးသားဖြစ်တဲ့အတွက် ဒီစီမံချက်မျိုးကို လုပ်စရာမလိုဘူးလုုိ့ထင်ပါတယ်။ ရွှေ့ပြောင်းလုပ်သားဆိုတာ အချိန်တန်ရင် သူတို့ရဲ့ နေရပ်ကိုပဲ ပြန်ကြတာဆိုတော့ အရင်အစိုးရတွေလိုပဲ ယာယီနေထိုင်ခွင့်လက်မှတ်နဲ့တင် လုံလောက်ပါတယ်” ဟု ပြောသည်။

ထိုစီမံချက်သည် နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ပြီး မလိုလားအပ်သော လူမျိုးရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည့်အပြင် လက်ရှိလူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်လည်း ကိုက်ညီမှုမရှိဟု ၎င်းက ဆက်ပြောသည်။

နိုင်လယီတမ က “ ဒီစီမံကိန်းကို ရပ်တန့်ပေးဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်၊ အခြေအနေထူးခြားမလာဘူးဆိုရင်တော့ တခြားမွန်အသင်းအဖွဲ့အားလုံးနဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်သင့်လုပ်ထိုက်တာကို ဆက်ပြီးတော့ လုပ်သွားမှာပါ” ဟု ဆိုသည်။

ထို့အတူ သစ္စာစီမံချက်သည် တိုင်းရင်းသားနယ်မြေအတွင်း နယ်မြေချဲ့ထွင်မှု (သို့မဟုတ်) ကိုလိုနီလက််သစ် ပြုလုပ်သလိုဖြစ်နေသည့်အတွက် အစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နေမှုအပေါ် စိန်ခေါ်မှုဖြစ်စေပြီး  ထိုစီမံကိန်းကို ပြန်လည်သုံးသပ်ပေးရန် မွန်ရဟန်းသံဃာတော်များ၊ မွန်အသင်းအဖွဲ့ ၁၆ ဖွဲ့မှ တာဝန်ရှိသူများနှင့် တခြား မွန်အရေးလှုပ်ရှားသူ ခေါင်းဆောင်များ၏ လက်မှတ်ပါ၀င်သော တင်ပြချက် ရ ချက်ဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုထားပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနများနှင့် ပြည်နယ်လွှတ်တော်သို့လည်း မိတ္တူပေးခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဧပြီလ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်ရှိ လူဦးရေ စုစုပေါင်း ၂၀ သိန်းကျော် (၂,၀၅၄,၃၉၃) ဦးရှိနေပြီး မွန်တိုင်းရင်းသားလူဦးရေအများဆုံးနှင့် ဗမာလူမျိုးမှာ ဒုတိယ အများဆုံးဖြစ်နေသည်။

အဆိုပါရွှေ့ပြောင််းဝင်ရောက်လာသူ အများစုမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းဒေသကြီးတို့မှ ဗမာလူမျိုးများအများဆုံးဖြစ်ကြပြီး လွန်ခဲ့သော ၂ နှစ်က စာရင်းအရ ၃ သိန်း ၄ သောင်းကျော် ( ၃,၄၂,၁၉) ဦး ဟု သန်းခေါင်းစာရင်းတွင် ရွှေ့ပြောင်းလူဦးရေ စာရင်းပေးသွင်းထားပြီးဖြစ်သည်ဟု သိရသည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...