Action Aid Myanmar မှ ဦးဆောင်ကျင်းပပြီး ဖေဖော်ဝါရီလ(၆)ရက်နေ့ က လွိုင်ကော်မြို့ ပညာရေးဗိမာန်တွင် ဒီမောဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်ရှိ အခြေခံပညာမူလတန်း ကျောင်းဆရာ၊မ များတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့သည်။
မြေပြိုခြင်း၊ မီးလောင်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း စသည့် သဘာဝဘေးအန္တရာယ် ရုတ်တရက်ကျရောက်ပါက မည်ကဲ့သို့ တုန့်ပြန်ရမည်ဆိုသည်များကို အသိပညာအမြင် ဖွင့်ပေးခြင်းဖြစ်သည်ဟု ကယားပြည်နယ်မှ Action aid တာဝန်ခံ မမေဖုန်းမြင့်က ပြောသည်။
“အဓိကကျတော့ ဒီကယားပြည်နယ်က တခြားပြည်နယ်ထက်စာရင် ဘေးအန္တရာယ် နည်းတယ်ဆိုပေမယ့် မရှိဘူးတော့ မဟုတ်ဘူးလေ။ ရှိတယ်။ မော်ချီးမှာမြေပြိုတဲ့ ဘေးအန္တရာယ်လိုမျိုး ၊ တချို့တွေ မီးလောင်နေတာတွေမျိုး ၊ လေပြင်းကျတဲ့ပုံစံမျိုးလေးတွေ အဲဒါမျိုးလေးတွေ ရှိတဲ့အခါကျတော့ တကယ်လို့များ ကယားပြည်နယ်မှ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ ဘေးတစ်ခုခု ရုတ်တရက်ဖြစ်လာရင် အနည်းဆုံးပြည်သူလူထုအနေနဲ့ ရုတ်တရက် ဘယ်လိုတုန့်ပြန်ရမလဲပေ့ါ”ဟု မမေဖုန်းမြင့်က ပြောသည်။
ဆွေးနွေးပွဲကို မူလတန်းကျောင်း (၁၈၀)ကျောင်းမှ ဆရာ/မ တစ်ဦးစီ ဖိတ်ခေါ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ကို လျော့ချရေးဆိုင်ရာ ဆွေးနွေးခြင်းကို တက်ရောက်ခြင်းအားဖြင့် သဘာဝဘေးမှ ကြိုတင်ကာကွယ်ခြင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဒီမောဆိုမြို့နယ် ငွေတောင်အုပ်စု အ.မ.က ဘုရားငုတ်တုံုကျောင်းမှ ဆရာမ ရို့စ်မေရီဝင်း က ပြောသည်။
“ဒီလိုဆွေးနွေးပွဲကကောင်းတယ်။ ဘာလို့လဲဆိုတော့ အများအားဖြင့် လူတွေက သဘာဝဘေးရင်ဆိုင်နေရရင် ဘယ်လိုကာကွယ်ရမလဲ၊ဘယ်လိုရှောင်ရမလဲဆိုတဲ့အသိက နည်းနေတယ်။ အဲတော့ အခုလိုဗဟုသုတသိထားတော့ ဘယ်လိုသဘာဝဘေးအန္တရာယ် ကျရောက်နေ အနည်းဆုံးတော့ ကြိုတင်ကာကွယ်နိုင်မယ်ပေါ့” ဟု သူမက ပြောသည်။
တက်ရောက်လာသော ကျောင်းဆရာ/မ များသည် မိမိကျရာကျောင်းသို့ သဘာဝဘေးအန္တရာယ် လျော့ချရေးဆိုင်ရာကို ပြန်လည်မျဝေကြရမည်ဖြစ်ကြောင်းသိရသည်။
သဘာဝဘေးအန္တရာယ် လျော့ချရေးဆိုင်ရာကို ကယားပြည်နယ်တွင် ပထမဆုံးအကြိမ် လုပ်ဆောင်သွားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌါန (ကယားပြည်နယ်) ၊အရံမီးသတ်၊ ကြက်ခြေနီ နှင့် အခြားဌါနဆိုင်များနှင့် ချိတ်ဆက်ပြီး မြို့နယ်အဆင့်၊ ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ် လျော့ချရေးဆိုင်ရာ ပညာပေးခြင်း စသည်ဖြင့် လုပ်ဆောင်သွားရန် လျာထားကြောင်းသိရသည်။
Action Aid သည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာကို လုပ်ဆောင်နေသလို ကျေးလက်ဒေသဖွံ့ဖြိုးရေးပိုင်းကိုလည်း လုပ်ဆောင်နေကြောင်းသိရသည်။







