“ကယားပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က ပုလဲသွယ်စိုက်ပျိုးတာ ထွက်နှုန်းအကောင်းဆုံးပေါ့နော။ နိုင်ငံအနေနဲ့ အထွက်နှုန်းအနေနဲ့ ယှဉ်ပြိုင်တာ ကယားပြည်နယ်က အကောင်းဆုံး ပထမရတယ်ပေါ့နော”ဟု လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ လွိုင်ကော်ခရိုင် စိုက်ပျိုးရေးဒုဦးစီးမှူး ဦးသန်းညွန့်က ပြောသည်။
ကယားပြည်နယ်တွင် ပုလဲသွယ်မျိုးစပါးစိုက်ပျိုးခြင်းတွင် အထွက်နှုန်းအနေနှင့် ယှဉ်ပြိုင်သည်မှာ အထွက်နှုန်းအကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆည်မြောင်းရပ်ကွက်မှ လယ်စိုက်တောင်သူ ဦးရွှေအေးက “ကျွန်တော် ဒီပုလဲသွယ်စပါးကိုစိုက်တာ သုံးနှစ်ရှိသွားပြီ ပုလဲသွယ်စပါးကိုစိုက်တာ အခြားမျိုးစပါးနဲ့ တအားကွာတယ် သူ့အထွက်တိုး အရမ်းထွက်တယ်လေး ” ဟု ပြောသည်။
၎င်းက ပုလဲသွယ်စပါးကို ၁.၇၅ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကကို တင်း၂၀၀နီးပါးခန့် ထွက်ကြောင်း ၎င်းကပြောသည်။
အခြားမျိုးစပါးစိုက်လျှင် တစ်ဧကကို တင်း ၅၀သာ ထွက်ရှိကြောင်း ၎င်းကပြောသည်။
ဒီးမော့ဆိုမြို့နယ် ဒေါငံရောက်ရွာမှ လယ်စိုက်တောင်သူ ဒေါ်ဆားရာကလည်း “ကျွန်မ ဒီနှစ်ပဲုသွယ်မျိုးစပါးကို စိုက်ပျိုးတယ်၊ သူက အခြားမျိုးစပါးတွေထက် အထွက်နှုန်းပိုထွက်တယ် ” ဟု ပြောသည်။
ပုလဲသွယ်မျိုးစပါးကို စိုက်ပျိုးရာတွင် အခြားမျိုးစပါးများထက် ပိုပြုစုရကြောင်း ပုလဲသွယ်စိုက်ဒေသခံ တောင်သူများက ဆိုကြသည်။
၎င်းတို့ကို စိုက်ရာတွင် အပင်တစ်ပင်ချင်းစီ စိုက်ပျိုးပြီး ၎င်းအပင်က အစာပိုကြိုက်သောကြောင့် အစာပိုကျွေးရသည်ဟု သိရသည်။
“အခြားစပါးစိုက်တာ မြေသြဇာအဲ့လောက်မထည့်ရဲဘူး ဒါပေမယ့် ဒီပုလဲသွယ်ကို စိုက်တော့ သူ့ကိုအစာပိုကျွေးတယ် ” ဟုတောင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရာသီတွင် အခြားမျိုးစပါးကို စိုက်ပျိုးခဲ့သူ တောင်သူဦးပါတြိရှိုက “ ကျနော်အတွက်တော့ ဒီပုလဲသွယ်စပါးကို စိုက်ပျိုးဖို့ အခက်အခဲကတော့ ရောင်းတဲ့အချိန်မှာပဲ၊ ဝယ်တော့ဝယ်ကြမယ်ထင်တယ် ဒါပေမယ့် အကြိုက်ချင်းတော့ မတူဘူးလေ၊ စားရတာလည်း ၊ဈေးလည်း တရုတ်မွှေးတို့ ရွှေရင်အေးတို့လောက် ဈေးမရှိဘူး” ဟု ပြောသည်။
ပုလဲသွယ်မျိုးစပါးကို ပျိုးထောင်သည့်အချိန်တွင် တစ်စေ့ချင်းချရပြီး ပျိုးသက်နုနုနှင့် စိုက်ပျိုးသည့်အချိန်တွင် တစ်ပင်ချင်းစိုက်ပျိုး ရကြောင်း သိရသည်။
အထွက်နှုန်းလည်း အခြားမျိုးစပါးများနှင့် တစ်ဆခန့်ကွာထွက်သောကြောင့် စိုက်ပျိုးသည့်တောင်သူများလည်း ကျေနပ်နေကြသည်။
သို့သော် တောင်သူတစ်ဦးက ပုလဲသွယ်စပါးနှင့် အခြားမျိုးစပါးတို့ကို စိုက်ထားပြီး အခြားမျိုးစပါးကို စားဖို့အတွက် စိုက်ပျိုးပြီး ပုလဲသွယ်စပါးကိုမူ ရောင်းရန်အတွက် စိုက်ပျိုးထားကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် ကယားပြည်နယ်မှ ဒေသအသီးသီးတို့တွင် ပုလဲသွယ်စပါးကို နေရာအနှံ့စိုက်ပျိုးလာကြပြီး အထွက်နှုန်းများလည်း တိုးနေသောကြောင့် တောင်သူများက ယခင်ကထက် ပိုမိုအဆင်ပြေလာကြောင်း သိရသည်။







