“ကလေးမိဘတွေက ၀မ်းစားဖူလုံဖို့ ရှာစားနေရတဲ့သူတွေဖြစ်တဲ့အတွက် ဆရာမတွေကို လစာပေးဖို့ အခက်ခဲရှိပေမယ့် ကြိုးစားရှာဖွေပြီးပေးနေရတယ်”ဟု ဦးတူရယ်က ပြောသည်။
တနီးလာလဲကျေးရွာမှ မူကြိုဆရာမ ဒေါ်နျားမြာကလည်း မူကြိုကလေးမိဘများသည် ဆရာမများကို လခပေးရန် အခက်ခဲရှိနေသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မူကြိုနှင့်ပတ်သက်သည့် သင်ထောက်ကူ ပစ္စည်းများသော် လည်းကောင်း၊ ထောက်ပံ့ကြေးသော်လည်းကောင်း တာဝန်ယူပေးရန် လိုအပ်နေသည်ဟု ပြောသည်။
“ကလေးမိဘတွေက ကျမတို့ကို လစာပေးနေရတယ်။ သူတို့မှာ အလုပ်မရှိတဲ့အချိန်ဆိုရင် ပေးဖို့က အခက်ခဲရှိတယ်။ ဒါကြောင့် အစိုးရတွေက မူကြိုကိစ္စတွေကိုလည်း ဦးစားပေးပြီး လုပ်သင့်တယ်” ဟု သူမက ပြောသည်။
မူကြိုကလေးများကို သင်ကြားပေးသည့် ဆရာမများကို မိဘထံမှကောက်ခံပြီး ထောက်ပ့ံနေသော်လည်း လခနည်းနေ၍ ဆရာမများ နှုတ်ထွက်သွားကြသောကြောင့် ကလေးများအတွက် နစ်နာနေသည်ဟု (၆)မိုင်အုပ်စုက ဒေါဘူးငံရယ် မူလတန်းကျောင်း မှ ကျောင်းအုပ် ဦဝင်ဇင်းချိုက ပြောသည်။
“မူကြိုဆရာမတွေက မိဘဆီကနေ ထောက်ပံ့ကြေးရကြပေမယ့် သူတို့စားဝတ်နေရေးအတွက် မလုံလောက်တော့ သူတို့က တစ်နှစ်လောက် လုပ်ပြီးထွက်လိုက်ကြတယ်။ သူတို့တစ်လကို ခုနှစ်သောင်းလောက်ပဲရတယ်ဆိုတော့ သူတို့ရေရှည်အတွက် မဖြစ်နိုင်တော့ မလုပ်ချင်တော့ဘူး။ ဆရာမတွေက တစ်နှစ်လုပ်ပြီးရင် ထွက်လိုက်တယ်။ ဆရာမတွေက အတွေ့အကြံုရပြီးရင် ထွက်လိုက်တော့ ကလေးတွေအတွက် နစ်နာတယ်’’ ဟု သူကပြောသည်။
ထို့အပြင် ဒီးမော့ဆိုမြို့နယ် ဒေါဘူးငံရယ် မူလတန်းကျောင်းမှ ကျောင်းဆရာ ဦးဝင်းသိန်းကလည်း မူကြိုကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုရရှိရန် မိဘများနှင့် ဆရာမများ ပူးပေါင်းပြီး ဆောင်ရွက်နေသော်လည်း လုံလောက်မှု မရှိသောကြောင့် နိုင်ငံတော်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) ကလည်း ၀ိုင်းဝန်းပြီး ဆောင်ရွက်မည် ဆိုပါက ပိုမိုအဆင်ပြေလာမည်ဟု ပြောသည်။
“အစိုးရတွေကတော့ တရားဝင်ဖြစ်အောင် ကြိုးစားနေပါတယ်။ အခုမူကြိုဆရာမတွေကို သင်တန်းစပေးနေပြီ။ အစိုးရတွေက အသိအမှတ်ပြုမှုတွေ လာမယ့်နှစ်တွေမှာ ဖြစ်လာမယ်လိုထင်တာပဲ” ဟု သူကပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာတိုင်း မူကြိုကျောင်းရှိနေပြီဖြစ်၍ အခြေခံမူလတန်းကျောင်းများ အခမဲ့ဆောင်ရွက်ပေးနေ သလို နောက်ပိုင်းတွင် မူကြိုကျောင်းများသည်လည်း အခမဲ့ဆောင်ရွက်ပေးရန် ပညာရေးဌာနက တင်ပြထားသည်ဟု ဒီးမောဆိုမြို့နယ် ဒု- ပညာရေးမှူး ဦးကျော်ငြိမ်းကပြောသည်။
“ကျနော်တို့ မူဝါဒတွေမှာ ဆွဲပြီးသားပါပဲ၊ တရားဝင်ရှိတော့ရှိတာပေါ့နော်။ အရင်တုန်းက ကျောင်းအချိန်ပြည့်နဲ့မသွားသေးဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ၃ နှစ်၊ ၅နှစ်အရွယ် ကလေးမူကြိုကလေးတွေကို ဆောင်ရွက်သွားသလို ခုနောက်ပိုင်းမှာ ဒီးမော့ဆိုမြို့နယ်ဟာ စီမံကိန်းမြို့နယ်ဖြစ်တဲ့အတွက် ကိုယ်ရဲ့အခြေခံကျောင်းတွေမှာ မူကြိုကျောင်းတွေနဲ့တွဲပြီး တွဲချက်အရ လုံးဝမူကြိုကျောင်းမရှိတဲ့နေရာမှာ လက်တွဲပြီး ဆောင်ရွက်တဲ့အနေအထားပါ။ နိုင်ငံတော်အနေအထားရော ပညာရေးအနေအထားရော ပူးပေါင်းပြီး လုပ်ဆောင်နေတာပါ။ ရွာတိုင်းမှာ မူကြိုမရှိတာ မရှိပါဘုူး။ အားလုံးက ရှိပါတယ်’’ ဟု ပြောသည်။
မူကြိုကျောင်းများသည် ကလေးငယ်များ ဉာဏ်ရည်ဖွံဖြိုးတိုးတက်ရန် အရေးပါဆုံးဖြစ်ကြောင်း ပညာရေးသုံးသပ်သူများက ပြောသည်။







