“အစိုးရ၏ ခွင့်ပြုချက်ရမှပဲ ကျနော်တို့ကပြန်ဖွင့်ပေးနိုင်ပါမယ်။ ဒီကျောင်းက High Hazard Zone (မြေပြိုမှုအဓိကဖြစ်နိုင် တဲ့နေရာ) မှာဖြစ်တယ်ဆိုပြီး လုံးဝမနေရလို့စာထုတ်ထားတဲ့အတွက် တားမြစ်ချက် စာထုတ်ထားတယ်။” ဟု ဦးဇော်ခိုင်ဝင်းက ပြောကြားသည်။
မော်ချီး သတ္တုတွင်းမိုင်း လုပ်ငန်းများတွင် ကွင်းဆင်းစစ်ဆေးခြင်းအရ စာသင်ကျောင်းများဖြစ်ကြသည့် အလကခွဲ တောင်ပေါ်မော်ချီး ၊ အမကလိုခါးလိုကွက်သစ် ၊ အမက(၁၃)ကုန်းနှင့် အမက ၁၆ ကုန်း စာသင်ကျောင်းများသည် မြေပြိုမှု အများဆုံးဖြစ်ပေါ်နိုင်သည့်နေရာဖြစ်သည့်အတွက် လူနေ/လုပ်ကွက်တောင်တန်းတွင် ပါဝင်သောကြောင့် ကျောင်းများအားလုံး ပိတ်ထားခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ကြေငြာထားပါသည်။
ပိတ်သိမ်းရန်နှင့် ပြောင်းရွှေ့ဖွင့်လှစ်ရန် ပြည်နယ်အစိုးရ၏ ဇန်နဝါရီလ ၄ ရက်နေ့က ညွှန်ကြားထားချက်အရ မော်ချီးဒေသကျောင်းများအားလုံး ပိတ်ထားရမည်ဖြစ်သည်ဟု ဆိုသည်။
မော်ချီးဒေသသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မြို့နှင့်ဝေးလံသည့်အတွက် နေရာအတော်များများ အခက်အခဲအမျိုးမျိုး၊ ပြဿနာအမျိုးမျိုးကြောင့် ကလေးတချို့ ပညာသင်ယူရေးတွင် အတားအဆီးဖြစ်နေသည့်ဖြစ်သည့်အပြင် ယခုကဲ့သို့ မြေပြိုနိုင်သည့် အန္တာရာယ်များကြောင့် ပိတ်ထားကြရသည့်အတွက်လည်း ကျောင်းသူ/သားများ သွားလာရေးပိုမို ခက်ခဲလာကြရသည်ဟု သိရသည်။
လိုခါးလိုရွာမှ စောနေမှုး က “ ကျောင်းလဲမဆောက်သင့်တော့ဘူး။ ဆောက်ရင်တော့နွေရာသီပဲရမယ်။ မိုးရာဆိုအန္တာရာယ်များတယ်။” ဟု ပြောသည်။
သတ္တုတွင်းစောင့်ကြည့်လေ့လာရေးသမားများကလည်း မြေပြိုထားသည့် နေရာဒေသတွင် သတ္တုလုပ်ငန်းများ ဆက်လက်မလုပ်သင့်တော့ကြောင်း ၊ မနေသင့်တော့ကြောင်း ပြောဆိုနေကြသည်။
“အဲဒီနေရာတော့စိုးရိမ်စရာတော့ရှိတယ်လို့ ပြောလို့ရတယ်။ ကျောင်းသားတွေအတွက်တော့ အခက်အခဲတော့ရှိတာပေါ့နော်။ အဲဒီနားမှာရှိတဲ့ရွာတွေကလည်းရွှေ့သင့်တယ်။ တချို့ရွာသားတွေကလည်းမရွှေ့ချင်ဘူး။ ခဲသတ္တုတွေကိုလည်းမလုပ်သင့်တော့ဘူး။” ဟု မိုုလိုုအမျိုးသမီးသတ္တုတွင်း စောင့်ကြည့်ရေးမှ တာဝန်ခံ အားမူထူးက ပြောသည်။
မော်ချီးဒေသဘက်တွင် သာမန်အချိန်တွင်ပင် နှစ်စဉ် ကျောင်းသူ/ကျောင်းသား အနည်းဆုံး ၁၀ ရာခိုင်နှုန်းခန့်က သည် မိသားစုစားဝတ်နေရေး ၊ ကျောင်းသွားကျောင်းပြန် လမ်းခရီးဝေးခြင်း ၊ စာမလိုက်နိုင်ခြင်းတော့ကြောင့် ကျောင်းမှနေ ထွက်သွားကြသည်ဟု သိရှိရသည်။
ကလေးများပညာသင်ကြားခွင့်မဆုံးရှုံးစေရန် ဝိုင်းဝန်းကူညီပေးစေလိုသည်ဟု ဦးဇော်ခိုင်ဝင်းက ယခုလိုပြောကြားသည်။
၎င်းက “သူတို့ကအမှန်တကယ် သာမန်ထက်အခက်အခဲအများကြီးကြံုတွေ့နေကြရတယ်။ အခက်အဲများစွာရှိတယ်။ အဲဒါကို ဝိုင်းဝန်းဖြေရှင်းလို့ရတဲ့နည်းလမ်း သို့မဟုတ် ဝိုင်းဝန်းပံ့ပိုးနိုင်မည့်နည်းလမ်းရှိရင်ကောင်းပါတယ်။” ဟု ပြောသည်။
အ.မ.ကလိုခါးလိုကွက်သစ်နှင့် တောင်ပေါ်ကျောင်းကို အ.လ.က လိုခါးလိုကျောင်းတွင်ကျောင်းတက်ရန်နှင့် အ.မ.က ၁၆ ကုန်းကို အ.ထ.က မော်ချီးကျောင်းတွင်တက်ရန် ၊ အမက (၁၃)ကုန်းကို အ.မ.က မူရောဂါ ကျောင်းများတွင် သင်ကြားရေးမပျက်စေရန် ကျောင်းတက်ထားခိုင်းကြောင်း မြို့နယ်ပညာရေးမှူးက ညွန်ကြားထားသည်ဟု သိရသည်။
ကျောင်းသားအားလုံးစုစုပေါင်း ၆၀၀ ကျော်ခန့်ရှိမည်ဟု သိရသည်။ ကျောင်းသားဦးရေတိုးလာခြင်းနှင့် သွားလာရေးအခက်အခဲများကြောင့်လည်း ကျောင်းဆရာ/မများအနေဖြင့် လုံလောက်မှုမရှိဟုလည်း သိရသည်။
မော်ချီးသတ္တုတွင်းမိုင်းသည် ဗြိတိသျှအစိုုးရ လက်ထက်ကတည်းကပင် အမှတ်-၁ သတ္တုတွင်းနဲ့ အမှတ်-၂ သတ္တုတွင်း စတင်လုုပ်ဆောင်လာခဲ့သည့်အတွက် မကြာခဏမြေပြို၍ လူများမကြာခဏ အသေအပြောက်ရှိပြီး အန္တရာယ်ရှိသည့် ဒေသဖြစ်သည်။







