တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်အတွက် စုပေါင်းဆုတောင်းပွဲကျင်းပ

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်အတွက် စုပေါင်းဆုတောင်းပွဲကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်အတွက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံကြသည့် ဆွေးနွေးပွဲအတွက် ကယားပြည်နယ် ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဦးဆောင်ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို လွိုင်ကော်မြို့ ဓမ္မာရုံရပ်ကွက် Women’s Galaxy ရုံး၌ စက်တင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

“အခုလို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားထုတ်ဆွေးနွေးနေကြတဲ့ နှစ်ဖက်သောခေါင်းဆောင်တွေ၊ နောက်ပြီး ဘေးကနေ ပံ့ပိုးပေးနေကြတဲ့ အလွှာအသီးသီးက လူတန်းစားအသီးသီးက ပုဂ္ဂိုလ်တွေ သူတို့ အားထုတ်မှုအပေါ်မှာ တခါတလေကျရင် သူတို့က ပိုပြီးတော့မှ အပြုသဘောဆောင်တယ်။ ဆွေးနွေးပြီးတော့မှ အားလုံးမျှော်လင့်တဲ့ ရလဒ်မျိုးလို့ ပြောတဲ့အခါကျရင် နှစ်ဦးနှစ်ဖက်သော ပုဂ္ဂိုလ် အနေနဲ့ တခါတလေကျရင် ဒီဘာသာတရားရဲ့အားပေးမှု၊ သွန်သင်မှုတွေကလည်း မေ့ထားလို့ မရဘူး”ဟု ကယားပြည်နယ်ငြိမ်း ချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ခူးပလုရယ်က ပြောသည်။

ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံကြမည့် စက်တင်ဘာ ၉ ရက်နေ့တွင် NCA တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ်ရေး ထိုးမှု ဆွေးနွေးပွဲသည် ခေါင်းဆောင်များဆုံးဖြတ်မှုအပေါ် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အလွန်အရေးကြီးကြောင်း UKSY ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ပြောသည်။

ကိုကျော်ထင်အောင်က “ကျနော်တို့ နိုင်ငံရဲ့နိုင်ငံရေးကို နိုင်ငံရေးဆွေးနွေးပွဲကနေ ဖြေရှင်းနိုင်ဖို့ အတွက် ပြည်ထောင်စု အဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့အတွက် ပထမဆုံး လုပ်ငန်းစဉ်တရပ်ဖြစ်တဲ့ ဒီ NCA စာချုပ်ရေးထိုးမှုဟာ အတတ်နိုင်ဆုံးခေါင်းဆောင်တွေရဲ့ဆုံးဖြတ်မှုကနေပြီးတော့မှ မြန်မာနိုင်ငံရဲ့ စစ်မှန်သော ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုး တက်သော မြန်မာတနိုင်ငံအဖြစ် ရရှိလာနိုင်မယ့် အနေအထားဖြစ်တဲ့အတွက် ဒီဆွေးနွေးပွဲကတော့ တနိုင်ငံလုံးရဲ့အနာဂတ်အတွက် အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးပွဲတရပ်ဖြစ်ပါတယ်”ဟု ပြောသည်။

အခန်း(၇)ခန်း၊ အချက်ပေါင်း(၃၃)ချက် ပါရှိသော NCA ပစ်ခတ်ရပ်စဲရေးစာချုပ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ မှ တောင်းဆိုထားသော အချက်များထဲမှ အချို့အချက်ကို လျှော့ပေး လိုက်ရခြင်းစသည့် အနေအထားအရ ဖက်ဒရယ်တပ်မတော် လို ပြည်ထောင်စုတပ်မတော် အဖွဲ့အစည်းများက ပြည်ထောင်စုအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှာ ဆက်လက်သဘောတူညီမှု ရထားသည်ဖြစ်သလို ၎င်းအပေါ်တွင် နိုင်ငံရေးအာမခံချက်အနေဖြင့် နှစ်ဦးနှစ်ဖက်က ကတိကဝတ် တည်ပြီး နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုလျှင် တိုုင်းပြည်အနေအထားသည် တည်ငြိမ်အေးချမ်းမှုကို ဖြစ်လာနိုင်ကြောင်းနှင့် စာချုပ်သည် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် မြန်မာနိုင်ငံဖြစ်လာရန် မျှော်လင့်ရသော စာချုပ်တရပ်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယခုကဲ့သို့ တနိုင်ငံလုံးအနာဂတ်အတွက် အရေးပါသော ထိပ်သီးဆွေးနွေးမှုမပြုလုပ်မီ ဘာသာပေါင်းစုံ ကနေပြီး မိမိယုံကြည် သက်ဝင်သော ဘာသာရပ်ကနေ ဆုတောင်းခြင်းဖြင့် တနည်းတဖုံ အကျိုးသက် ရောက်မှု ရှိလာနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ စစ်ရေး၊ နိုင်ငံရေးနည်းဖြင့် ဖြေးရှင်းလာခဲ့သည် မှာ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ် ဖြစ်ခဲ့ပြီးဖြစ် သလို ရေရှည်တည်တံ့ ခိုင်မြဲသောငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် တွေ့ဆုံကြမည့် ထိပ်သီးခေါင်းဆောင်များအတွက် မိမိသက်ဝင်ယုံကြည်သော ဘာသာမှ ဆုတောင်းမေတ္တာပို့သခြင်းမှာ အမှတ်တကယ် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထိုဘာသာပေါင်းစုံ ဆုတောင်းပွဲသည် ခရစ်ယာန်(နှစ်ခြင်း၊ ကက်သလစ်)၊ ဟိန္ဒူ၊ အစ္စလာမ်၊ ဗုဒ္ဓနှင့် ရိုးရာကေထျိုးဘိုး စသည့် ဘာသာရေးခေါင်းဆောင် ဆရာတော်များ ဆုတောင်းမေတ္တာပို့ကြပြီး ဘာသာ (၅)ဘာသာဖြင့် ဆုတောင်းကြကာ ပြည်တွင်းရှိ လူမှုအသင်းအဖွဲ့အသီးသီးမှ လူဦးရေ ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...