̏ ကျွန်မတို့ ဆေးခန်းမှာ အဓိကလာပြတဲ့ လူနာတွေကတော့ ကိုယ်ပူဖျားလာပြပါတယ်။ အဲ့ဒီကိုယ်ပူ ဖျားတာကတော့ ဗိုင်ရယ် အင်ဖက်ရှင်လို့ခေါ်တဲ့ အဖျားကြီးရောဂါပဲ ဖြစ်ပါတယ်။ အဲ့ရောဂါက ၃ရက်၊ ၅ရက် မဟုတ်ရင် တပတ်လောက်ရောက်တဲ့ခါကျရင် နကိုယ်ပေါ်မှာ အနီစက်တွေ ဖြစ်ပေါ်လာတတ်ပါ တယ်။ အဲ့အနီစက်တွေ ကြီးလာတဲ့ခါကျတော့ ဆေးရုံကိုပို့လိုက်တယ်။ ဆေးရုံ ကို ရောက်တဲ့ခါကျတော့ ဆေးရုံမှာ သွေးဖောက်စစ်လိုက်တဲ့အခါမှာ သွေးလွန်တုပ်ကွေးရောဂါလို့ သူတို့အမည်တပ်ပါတယ် ̋ဟု ဆရာမ နော်လားရှီးက ပြောသည်။
ကယားပြည်နယ်တွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြားသည်မှာ ယခုအခါ ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း ဆရာမနော်လားရှီးက ပြောသည်။ ယခင်နှစ်များတွင် ရောဂါများ ပြင်းပြင်းထန် ထန်မရှိခဲ့သောကြောင့် ဆေးရုံသို့ လွဲပြောင်းခဲ့ခြင်း မရှိခဲ့ပေ။ ယခုနှစ်တွင် ကိုယ်ပူဖျားပြီး ၃၊၄ ရက် အကြာတွင် ကိုယ်ပေါ်တွင် အနီစက် ၊အဖုများထွက်လာပြီး ထူးခြားချက်မှာ အော့အန်ခြင်း များလည်း ရှိလာသည်ဟု သိရသည်။
ငွေတောင်ကျေးရွာတွင် အိမ်တိုင်းတွင် တစ်အိမ်တစ်ဦးပျှမ်းမျှ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေလျက် ရှိသည်။
ငွေတောင်ကျေးရွာနေ ဦးဟိန်းမင်းလတ်က ̏ အကိုအပြင်မှာ အလုပ်လုပ်နေရင်းနဲ့ ခြင်ကိုက်တယ်။ ခြင်ကိုက်တော့ သတိမထားမိဘူးပေါ့။ စဖျားတော့ ရိုးရိုးတုပ်ကွေးလို့ပဲ ထင်တာ။ မသက်သာလို့ ဆေးရုံကို သွားပြတာ ဆရာဝန်က စမ်းသပ်တဲ့ ကိရိယာတွေနဲ့ စမ်းလိုက်တော့ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နေတယ်လို့ သိလိုက်ရတယ် ̋ဟု ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် အတွင်းသွေးယိုမှုကို ဖြစ်စေသည့်အတွက်ကြောင့် ဂရုံစိုက်ရမည် ဖြစ်ကြောင်း၊ ကယားပြည်နယ်တွင်လည်း ဖြစ်လေ့ဖြစ်ထသော ရောဂါမဟုတ်သည့်အတွက် မပေါ့ဆ သင့်ကြောင်း ၊ တခြားသော ပြည်မဒေသဖက်တွင် ထိုရောဂါကြောင့် လူပေါင်းမြောက်မြားစွာ သေကြေ ခဲ့ပြီးဖြစ်ကြောင်း အသက် ၅နှစ်မှစတင်၍ အသက် ၅၀ကျော်ထိအောင် ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ် မြို့နယ်ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဒွေးနန္ဒက ̏ ဒီရာသီက တုပ်ကွေးဖြစ်တဲ့ရာသီဆိုတော့ တုပ်ကွေးတွေအဖြစ်များတယ်။ ခြင်ကိုက်လို့လည်း ငှက်ဖျားတွေ ဖြစ်နေတယ် ̋ ဟု ပြောသည်။
လွန်ခဲ့သောလတွင် မိုးခေါင်၊ နေပူ ရေရှားဖြစ်နေပြီး ရုတ်တရက် မိုးကြီးရွာချကာ ထူထပ်စွာ ပေါက်နေသည့် ချုံပင်များ၊ အစုလိုက် အပုံလိုက် စွန့်ပစ်ထားသည့် တာယာဘီးများ၊ ရေအိုင်များ ကျန်ရစ်ခဲ့ကာ ခြင်ကောင်များ ဥ ဥရန် အခွင့်အလမ်းကောင်းမွန်သည့်အတွက် ခြင်ကောင်များ အဆမတန် ပေါက်ဖွားခဲ့ခြင်းဖြစ်သည်ဟု ဆရာမ ဒေါ်လားရှီးက ပြောသည်။
ထို့ကြောင့် မိမိအိမ်တိုင်းတွင် တစ်ပတ်တစ်ကြိမ် အိမ်၊ ခြံတွင်းတွင် ခြင်များ မရှိစေရန် နှိမ်နင်း ရန်လိုအပ်ကြောင်း၊ အများပြည်သူသွားလာသည့် နေရာတွင်ရှိသော ချုံများ၊ ရေအိုင်များကို စုပေါင်းရှင်းလင်းရန် သူမက ပြောသည်။
ကျန်းမာရေးဌာနမှ အိမ်တိုင်းသို့ ကွင်းဆင်းလေ့လာခဲ့ကာ အိမ်များရှိ ရေတွင်း၊ ရေကန်၊ အိမ်ဘေးရှိချံုများရှင်းလင်းခြင်း၊ ရေအိုင်များ ရှင်းလင်းရန် သြဂုတ် ၉ရက်နေ့တွင် စုပေါင်း၍ အိမ်တိုင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်များကို လိုက်လံပြသကာ အုတ်ကန်၊ ရေအိုး၊ ရေသိုလှောင်ကန် များထဲတွင် ဆရာမများက ဆေးခတ်ပေးကြောင်း သိရသည်။ ကျေးရွာတိုင်းတွင် လည်း ကျေးလက်ဆေးဆရာမများက အိမ်တိုင်းတွင် ချံုပင်များကို ခုတ်ထွင်ရှင်းလင်းရန် နိုးဆော်တိုက်တွန်းထားကြောင်းလည်း သိရသည်။
တနှစ်အောက်ကလေးငယ်များတွင်လည်း ခြင်ကိုက်ခံရလျှင် ရောဂါဖြစ်နိုင်ကြောင်း၊ တနှစ်အောက် ကလေးငယ်များ ထိုရောဂါဖြစ်လျှင် အလွန်အန္တရာယ်ရှိလှကြောင်း ကျန်းမာရေး ဆရာမများက ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါ ငွေတောင်ကျေးရွာရှိရပ်ကွက်တွင် ဖြစ်များရခြင်းမှာ ငွေတောင်အုပ်စုတွင် ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ လမ်းဖောက်လုပ်ရေး လုပ်သားများသည် ပြည်မမှရောက်လာ ကြသောသူများဖြစ်၍ ၎င်းတို့ထဲတွင်မှ တစ်ဦးဦးက ထိုရောဂါရှိနေပြီး ခြင်ကိုက်ခံရခြင်းမှတဆင့် အခြားသူထံသို့ ကူးစက်နိုင်ခြင်းဖြစ်နိုင်ကြောင်း ဆရာမနော်လားရှီးက ပြောသည်။
ထို့အပြင် စက်ဘီး၊ ဆိုင်ကယ်ပြင်ဆိုင်တို့တွင် စုပုံထားသော တာယာဘီးများထဲတွင် မိုးရေများစုစည်း နေခြင်းကြောင့် ခြင်များ အလွယ်တကူ ခိုအောင်းနိုင်သောကြောင့် ခြင်ကောင်များ များပြားလာရခြင်း ကြောင့်လည်း ဖြစ်နိုင်ကြောင်း ဆရာမက သူမ၏ ထင်မြင်ချက်ကို ပြောပြသည်။
ထို့ကြောင့် ထိုရာဂါလက္ခဏာရှိသောသူ အနီစက်များ ခံစားနေသောသူကို ဆေးခန်းမှတဆင့် ဆေးရုံသို့ ဇူလိုင်လအတွင်းတွင် လူနာစုစုပေါင်း ၂၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။







