မိုးရေလောက်လုံမှုမရသည့်အတွက် လယ်ဧက ၃ ထောင်ကျော် စပါးမစိုက်နိုင်သေး

မိုးရေလောက်လုံမှုမရသည့်အတွက် လယ်ဧက ၃ ထောင်ကျော် စပါးမစိုက်နိုင်သေး
by -
ကန္တာရဝတီတိုင်း(မ်)
လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စုနှင့် နိုးကိုးကျေးရွာအုပ်စုတွင် စပါးစိုက်ပျိုးရန် မိုးရေ လုံလောက်မှုမရရှိသဖြင့် လယ်ဧက သုံးထောင်ကျော် စပါးမစိုက်နိုင်သေးကြောင်း နွားလဝိုးကျေးရွာ အုပ်စုရှိ (၃)မိုင်ကျေးရွာမှ ခူးဗျားရယ်က ပြောသည်။

လယ်များသည် မိုးရေကိုသာ အားကိုးနေရပြီး မိုးနည်းသည့်အတွက် လယ်ထဲတွင် ပျိုးကျဲခြင်း၊ လယ်ထွန်ခြင်းတို့ကိုသာ ပြင်ဆင်ကြပြီး ယခုအချိန်ထိ ရေက လုံလောက်စွာ မရနိုင်သေးသည့်အတွက် လယ်လုပ်သူများက လယ်မစိုက်ပျိုးနိုင်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

“မိုးကတော့ နည်းနည်းရွာနေတာပဲ။ ပျိုးကျဲထားတော့ ပေါက်နေပြီ။ အခုလည်း ထွန်လို့ ရနေပြီ။ ဒါပေမယ့် ဘယ်လိုပြောရမှာလဲ။ မိုးကရွာတော့ ရွာတယ်။ လယ်ထဲမှာ ရေရှိလောက်တဲ့အထိ မရွာဘူးလေ။ မြေက နည်းနည်းပျော့တဲ့အထိတော့ ရှိတဲ့အတွက် ထွန်လို့ရတာပေ့ါ။ စိုက်ဖို့က လယ်ရေက မရှိတော့ စိတ်ပူရတာပေ့ါ။”ဟု ခူးဗျားရယ်က ပြောသည်။

သြဂုုတ်လအတွင်းတွင် မိုးစပါးစိုက်ပျိုးပြီးသည့် ရာသီဖြစ်ပြီး ယခုချိန်ထိ လယ်ထွန်ခြင်း၊ ပျိုးကျဲခြင်း မလုပ်နိုင်သေးဘဲ မိုးကို စောင့်နေကြ သည့် အခြေအနေတွင် ရှိနေကြသေးသည်ဟု သိရသည်။

လယ်သမားအများစုသည် မိသားစု စားဝတ်နေရေးအတွက် လယ်ကိုသာ မှီခိုနေရပြီး အကယ်၍ လယ်များစိုက်ပျိုးနိုင်ခြင်းမရှိပါက စားဝတ်နေရေးအတွက် များစွာသော အခက်အခဲဖြစ်စေကြောင်း နွားလဝိုးကျေးရွာအုပ်စု ထီးပလော်ခူကျေးရွာမှ ဦးလှဦးက ပြောသည်။

“တကယ်လို့ တစ်နှစ် လယ်မစိုက်ရရင် အခက်အခဲအများကြီး ဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ မိသားစုစားဝတ်နေရေးကော အခြားအရေးတွေမှာလည်း လယ်ကိုပဲ မှီခိုနေရတယ်လေ။ ပြီးတော့ လယ်မစိုက်နိုင်ရင် စားဝတ်နေရေးအတွက် ဖြေရှင်းဖို့ ကြံုရာနေ့စားအလုပ်ကိုပဲ လိုက်လုပ်နေရမှာလေ။ သဲတူးဆိုလည်း သဲတူးရမှာပေ့ါ။”ဟု ဦးလှဦးက ပြောသည်။

လယ်သမားများသည် လယ်စိုက်ရာသီတွင် အစိုးရမှ ချေးငွေကို တစ်ဧကလျှင် (၁)သိန်းချေးယူထားကြ သည့်အတွက် လယ်မစိုက်နိုင်ပါက ချေးငွေများ ပြန်လည်ပေးသွင်းရာ ငွေအတွက် အဆင်မပြေနိုင် သည့်အတွက် အခက်အခဲကြံုတွေ့လာနိုင်သည်ဟု ဦးလှဦးက ဆက်ပြောသည်။

လယ်ဧက (၃၀၀၀)ကျော်သည် နွားလဝိုးကျေးရွာအုပ်စုတွင် ထီးသူးကူး၊ ပျားကနဲ၊ ပဒါညေး၊ လယ်ထွဲ၊ ဖားတီမာ၊ (၃)မိုင်၊ မြေနီကုန်း၊ ချိကယ်၊ ရေကန်ရွာ၊ ထီးပလော်ခူ စသည့်ကျေးရွာများ လုပ်ကိုင်ကြပြီး နိုးကိုးကျေးရွာအုပ်စုတွင် ရေယို၊ ဒေါစဲ စသည့်ကျေးရွာများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ရာသီဥတု မမှန်ခြင်းကြောင့် တချို့နေရာများတွင် မိုးနည်းပြီး စပါးမစိုက်နိုင်ကြသည့်သူများရှိသလို ဒီးမော့ဆိုမြို့နယ်ဘက်တွင် မူ ချောင်းရေလျှံခြင်းကြောင့်လည်း လယ်ဧက ၃၀၀ ကျော်ရေနစ်မြှုပ်ခဲ့ ကြသေးသည်။

ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးအုပ်စုဘက်တွင် မိုးနောက်ကျသည့်အတွက် ပျိုးပင်အနည်းငယ်သာ ကိုသာ ထောင်ခဲ့ကြရာ ယခုအခါ ဒေသခံလယ်သမားများသည် စပါးပျိုးပင် မလုံလောက်သည့် အခက်အခဲကြံုတွေ့နေကြရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...