ဇူလိုင်လ ၂၅ ရက်နေ့က ဒေါလော်ခူတွင် ပြုလုပ်သော ကျေးရွာအုပ်စု အစည်းအဝေးတွင် လက်မခံကြောင်း ဒေသခံလူထုများ က ငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်။
ထီးပိုးကလိုး အုပ်စု အုပ်ချုပ်ရေးမှူး ဦးငါးရယ်က အစိုးရ စစ်တပ်အနေဖြင့် လက်နက်လေ့ကျင့်ရေး ဗျူဟာသင်တန်းလာလုပ်ပါ က တောင်ယာကို ပေးသွားမည် မဟုတ်သည့်အတွက် အလုပ်အကိုင် ပျက်မည်ဟု ပြောသည်။
“အခု အခြေအနေက တောင်ယာတွေ လုပ်ကိုင်ရမဲ့ အချိန်၊ ရာသီတုကလည်း ဒီလိုဖြစ်တယ်ဆိုတော့ သူတို့က ကျနော်တို့ရဲ့ တောင်ယာလုပ်ကိုင်ရေးကို ပိတ်ပင်တာတွေ လုပ်မယ်ဆိုရင် ကျနော်တို့ ဒေသခံအတွက် အများကြီး ထိခိုင်နိုင်တယ်”ဟု သူက ပြောသည်။
ထို့အပြင် သင်တန်း ပြုလုပ်သွားမည်ဆိုပါက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နှင့် ထိပ်တိုက် တွေ့နိုင်သလို ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်နိုင်သည်ဟု ဦးငါးရယ်က ဆက်ပြောသည်။
“ကျနော်တို့ ဒေသခံတွေရဲ့ အသံကို သူတို့ နားမထောင်ဘူးဆိုရင် ကျနော်တို့ အစီအစဉ်ကတော့ ဆန္ဒထုတ်ဖော်မှု လုပ်သင့်ရင်လည်း လုပ်သွားမယ်”ဟု သူက ပြောသည်။
အစိုးရ စစ်တပ်သည် စစ်လေ့ကျင့်ရေး ဗျူဟာသင်တန်း လုပ်မည်ဖြစ်ကြောင်း ဇူလိုင် ၂၃ရက်နေ့က ကေအန်ပီပီထံသို့ အကြောင်းကြားခဲ့ပြီး ကျေးရွာအုပ်စု ဥက္ကဋ္ဌများ၊ ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် စောင့်ကြည့် လေ့လာရေးအဖွဲ့၊ ကယားပြည်နယ် ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာသည့် ကွန်ယက်(ကေအက်စ်ပီအမ်အန်) အဖွဲ့နှင့် ကေအန်ပီပီတို့က ထိုကိစ္စကို ဆွေးနွေးခဲ့ကြသည်။
ဒေါဖုအုပ်စုတွင် အဆိုပါ သင်တန်းပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ ကေအန်ပီပီ ဒုဥက္ကဋ္ဌ ခူးဦးရယ်က လည်း ပြည်ထောင်စုဝန်ကြီးထံသို့ ဇူလိုင် ၂၄ ရက်တွင် ကန့်ကွက်စာတင်ထားသည်။
သင်တန်း လုပ်ဆောင်ပါက ထီးပိုးကလိုးမှ ဒေါတမကြီး ကျေးရွာ အုပ်စုအထိ လုံခြံုရေး ယူသွားမည် ဖြစ်ကြောင်း သိရသည်။ ကျေးလက်ဒေသတွင် စစ်လေ့ကျင့်ရေးပြုလုပ်ခြင်းသည် ယမ်းငွေ့ကြောင့် သေခံများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးဆုံးရှုံးနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောသည်။
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလနှင့် စက်တင်ဘာလတွင် ဒေါသမကြီး ကျေးရွာ အုပ်စုတွင် လက်နက်ကြီီး ပစ်ခတ်သည့် သင်တန်းများ ပြုလုပ်ခဲ့သည့်အတွက် ဒေသခံများ ကန့်ကွက်ခဲ့သေးသည်။







