တပ်တွင်းမဲရုံ မဲရုံ၏ အင်္ဂါရပ် မညီပါက အပြင်ထုတ်မည်

တပ်တွင်းမဲရုံ မဲရုံ၏ အင်္ဂါရပ် မညီပါက အပြင်ထုတ်မည်
by -
ကန္တာရဝတီတိုင်း(မ်)
၂၀၁၅ ရွေးကောက်ပွဲတွင် စစ်တပ်တွင်းထားရှိမည့် မဲရုံများသည် မဲရုံ၏ အင်္ဂါရပ်နှင့် မကိုက်ညီပါက အပြင်ထုတ်ထားမည်ဖြစ် သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးကျော်ဆန်းဝင်းက သြဂုတ်လ ၄ ရက်နေ့တွင် ပြောသည်။

မဲရုံတွင်းတွင် လွှတ်လပ်စွာ ဖွင့်ခွင့်ပေးရမည်ဖြစ်သည့်အပြင် ရွေးကောက်ပွဲ လေ့လာမည့် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များ၊ ပြည်တွင်းလေ့လာစောင့်ကြည့်သူများ၊ မဲရုံကိုယ်စားလှယ်များ၊ သတင်းသမားများကို ဝင်ခွင့်ပေးနိုင်ရမည်ဟု ဆိုသည်။

ဦးကျော်ဆန်းဝင်းက ̏ ဒါတွေကို ဝင်ခွင့်မပေးနိုင်ဘူးဆိုရင်တော့ တပ်ထဲမှာ ပေးမဖွင့်တော့ဘူး။ အဲ့ဒါကတော့ မဲရုံကို အပြင်ထုတ်ရလိမ့်မယ် ̋ဟု ပြောသည်။

တပ်ထဲတွင် မဲရုံထားရှိလျှင် အခြားသာမန်မဲရုံများ၏ အင်္ဂါရပ်နှင့် ကိုက်ညီမှသာလျှင် မဲရုံစီစဉ်နိုင်မည်ဖြစ်ပြီး စစ်တပ်မှ စည်းကမ်းချက်အချို့ မလိုက်နာပါက မဲရုံကို အပြင်တွင် ထုတ်ထားမည်ဖြစ်သည့်အတွက် တပ်တွင်းမဲဆန္ဒရှင်များသည် နီးစပ်ရာ အုပ်စုကျေးရွာသို့ မဲသွားထည့်ရမည်ဖြစ်သည်။

၂၀၁၅ ခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဝင်ပြိုင်မည့် ကယန်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးနန်းရီက ̏ တပ်ထဲမှာ မထားပဲနဲ့ အပြင်မှာ သူများနည်းတူသွားထားရင် ပိုကောင်းတာ ပေါ့လို့ ကျွန်တော် UEC ကို အကြံပြုဖူးတယ်။ ကျနော်တို့လည်း လွတ်လွတ်လပ်လပ် သွားချင်တယ်လို့ ကျနော်ပြောခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့က လက်မခံဘူး။ တပ်ထဲဟာ တပ်ထဲမှာပဲ ထားမယ်လို့ သူတို့က ပြောတယ်။ သွားလာလို့ရရင် ရနိုင်တယ်လို့ ကျနော့်ကို ပြောခဲ့တယ်။ ဒါပေမယ့် ကျနော့် အတွက်တော့ မလွတ်လပ်ဘူးပေါ့ ̋ဟု ပြောသည်။

သို့သော် မဲရုံတွင်း မဲရုံစောင့်ကြည့်သူများ၊ သတင်းသမားများနှင့် တာဝန်ရှိသူများကို ဝင်ခွင့်မပြုလျှင် မဲရုံစည်ကမ်းနှင့် မကိုက်ညီလျှင် မဲရုံကို အပြင်တွင် ထုတ်ထားမည်ဟူသောကြောင့် ထိုအချက်သည် သင့်တော်ကြောင်း ဦးနန်းရီက ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်းရှိ တပ်များအားလုံး မဲရုံများဖွင့်ပေးရန်ရှိကြောင်း၊ သို့သော် အချို့တပ်တွင် မဲဆန္နရှင် နည်းလျှင် နည်းသည့်တပ်နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

မဲရုံဝန်ထမ်းများကိုလည်း တပ်က လူများကို မခန့်အပ်ဘဲ ပညာရေးဝန်ထမ်းများကိုသာ ခန့်အပ်မည် ဖြစ်ကြောင်း၊ ဝေးလံသည့်ဒေသ တွင်းရှိ ကျေးရွာအုပ်စုများထဲတွင် ပညာရေးဝန်ထမ်း မရှိလျှင် ပါတီကင်းရှင်းသည့် ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။ တပ်အတွင်း ထားရှိသော မဲရုံများသည် တပ်သားနှင့်တပ်မိသားစုများအတွက်သာ ဖြစ်သည်။

ကယားပြည်နယ်တွင် တပ်ရင်းပေါင်း ၂၄ရင်း တည်ထားရှိပြီး ၎င်းတို့မှာ လွိုင်ကော်မြို့နယ်တွင်း ၁၂ ရင်း၊ ဒီးမော့ဆိုမြို့နယ်တွင်း ၃ရင်း၊ ဖရူဆိုမြို့နယ်တွင်း ၃ ရင်း၊ ဘောလခဲမြို့နယ်တွင်း ၄ ရင်း၊ ဖားဆောင်းမြို့နယ်တွင်း ၂ ရင်းနှင့် မယ်စဲနှင့် ရွာသစ်တို့တွင် နယ်ခြားစောင့်တပ် အသီးသီးရှိကြောင်း သိရသည်။ ၎င်းတပ်ရင်းလားလုံးတွင် မဲပေးနိုင်သော တပ်သားနှင့် တပ်မိသားစုဝင်များ ၆၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...