နာနတ်တော ရေကော်မတီဥက္ကဋ္ဌ ကိုကျော်က “ကျနော်တို့ ရပ်ကွက်ထဲက ဒီအုပ်စုပေါ့၊ အိမ်ခြေ ၂၀၀ ကျော်လောက်က ရေမရတော့တာ ၂ နှစ် လောက်ရှိပြီ၊ ရေခွန်ကိုတော့ ပုံမှန်ဆောင်ကြတယ်၊ စည်ပင်က လာလုပ်ပေးမယ်ပဲပြောတယ်၊ အခု ချိန်ထိ ဘာဆိုဘာမှ လာမလုပ်ပေးသေးဘူး၊ ဒီမှာရှိတဲ့သူတွေ အကုန်လုံးက ရေမရတာ အကြီးမားဆုံး အခက်ခဲ ဖြစ်နေတယ် ”ဟု သူက ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။
၂၀၁၁ခုနှစ်က ဒေသခံများ တောင်းဆိုချက်အရ နာနတ်တောရပ်ကွက်သို့ မြို့နယ် စည်ပင်သာယာရေး အဖွဲ့က သောက်သုံးရေကို စတင်ဖြန့်ဝေပေးခဲ့သော်လည်း နောက်ပိုင်းတွင် ရပ်ဆိုင်းခဲ့သည်ဟု သိရသည်။
ရေမရရှိသည့် အိမ်များက ရေတစ်စည်ကို ၆၀၀၀ ကျပ်ဖြင့် ၀ယ်သုံးနေရသကဲ့သို့ နေ့စဉ် ၀င်ငွေ ထက်ဝက်ခန့်မှာ ရေဖိုးဖြင့် ကုန်ကျနေသည်ဟု ရေကော်မတီ အတွင်းရေးမှူးဒေါ်နော်ဟီးလာ ကပြောသည်။
“အခုရတဲ့ဝင်ငွေလေးထဲကနေ ရေဝယ်သုံးနေရတာ ဘာသွားစားရတော့မှာလဲ၊ မိန်းမသားတန်မဲ့ စည်ပင်ကို ခဏခဏ သွားပြောတယ်၊ လုပ်ပေးမယ် ဒါပဲ ပြောတယ် ခုထိ ဘာမှကို မလုပ်ပေးဘူး၊ ရေရဖို့ ကိုယ့်ဘာသာ မြေကြီးတွေ တူးခဲ့ရတယ်၊ ရေပိုက်တွေ ကိုယ်ထူကိုယ်ထဝယ်ခဲ့ရတယ်၊ တချို့အိမ်တွေဆို အရမ်းဆင်းရဲတယ်၊ ပိုက်ဆံချေး ပေါင်နှံပြီး ရေရချင်ဇောနဲ့ လုပ်ခဲ့ကြရတာ အရင်ကတော့ အဆင်ပြေတယ် အခုကလုံးဝကို မရတော့တာ ၂ နှစ်လောက်ရှိပြီး ဒီအခက်အခဲက အရမ်းကို ကြီးမားတယ်” ဟု သူက ပြောသည်။
လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး လက်ထောက်ညွှန်မှူး ဦးသန်းထွန်းက “ရေရအောင်လည်း ကျနော်တို့ဖက်က ရတဲ့နည်းပေါ့ လုပ်ဆောင်ပေးမယ် လက်ရှိအတောအတွင်းမှာ ရေအခက်ခဲဖြစ်နေတဲ့ အိမ်တွေကို စည်ပင်ပိုင်ရေကားနဲ့ အခမဲ့လိုက်ပြီး ဖြန့်ဝေပေးသွားမယ်၊ ရေရအောင်တော့ ရပ်ကွက်က တာဝန်ရှိသူတွေ ဒေသခံတွေနဲ့ ညှိပြီး လုပ်ပေးသွားမယ်” ဟု သူက ပြောသည်။
ဒေသခံများ တောင်းဆိုနေသည့်အတွက် ရေဖြန့်ဝေပေးခဲ့သော်လည်း နောက်ပိုင်း အုတ်လုပ်သည့် လုပ်ငန်းရှင်များ လုပ်ကိုင်လာသည့်အတွက် ရေသုံုးစွဲမှု များလာပြီး၊ နာနတ်တော အုပ်စုများကို လုံုလောက်စွာ ရေပေးဝေရန် အခက်အခဲ ဖြစ်လာသည်ဟု ရေဖြန့်ဝေရေး တာဝန်ယူထားသည့် အငယ်တန်းအင်ဂျင်နီယာ -၂ ကိုဝေယံမင်းစိုး ကပြောသည်။
“သူတို့ကပြောတယ် ကျနော်တို့ကို တစ်ပတ်ကို ၂ ကြိမ်လောက် ပေးရင် ကျေနပ်တယ်ပေါ့၊ ကျနော်တို့ကလည်း မလုပ်ပေးနိုင်ဘူး၊ ဘာလို့လဲဲဆို အောက်ဖက်မှာ လုပ်ငန်းရှင်တွေ အုတ်လုပ်တဲ့ သူတွေရှိနေတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဒါတွေကိုထိန်းချုပ်ဖို့ဆို ဒေသခံတွေလည်း ပါဝင်ပူးပေါင်းဖို့လိုတယ်၊ ကျနော်တို့လည်း ရေရအောင် လုပ်နိုင်သလောက် လုပ်သွားပေးမယ်”ဟု သူက ပြောသည်။
၂၀၁၁ ခုနှစ်က ရေရရှိရန် ဒေသခံများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် သိန်း ၃၀၀ ကျော် အကုန်အကျခံ ဆောင်ရွက်ခဲ့သကဲ့သို့ စည်ပင်က ရေဖြန့်ဝေပေးသည့် ၂ နှစ်တာ ကာလက အဆင်ပြေခဲ့သည်ဟု ဆိုသည်။
နောက်ပိုင်း ရေခွန်ကိုပုံမှန်ဆောင်သော်လည်း အိမ်ခြေ ၂၀၀ ကျော်ခန့် ရေမရရှိသကဲ့သို့ ရေတယူနစ် ကို ၁၅၀ ဆောင်ရပြီး အုတ်လုပ်ငန်းရှင်များက တယူနစ် ကျပ် ၃၀၀ ပေးဆောင်ရသည်ဟု သိရသည်။







