ငြိမ်းချမ်းရေးအတွက် စစ်တပ်က ချမှတ်ထားသည့် အချက်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီ လျှောက်လှမ်း ရာတွင် လိုက်ပါဆောင်ရွက်ရန်ဟု ပါရှိနေပြီး ဖွဲ့စည်းပုံတွင် လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့တည်းသာ ရှိရမည်ဟု ပါရှိသည်။
“တပ်မတော်တခုတည်းပဲ ရှိရမယ်ဆိုတဲ့မူကိုတော့ လက်ခံနိုင်တယ်။ ဒါပေမယ့် အဲဒီတပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် အားလုံးက စိတ်ညီလက်ညီနဲ့ ဒီတိုင်းပြည်မှာရှိတဲ့ ဒီအမျိုးသားများကို တန်းတူညီမျှ ကာကွယ် စောင့်ရှောက်ပါမယ်ဆိုတဲ့ စိတ်ထားနဲ့ တည်ထောင်ထားတဲ့ တပ်မတော်ဖြစ်ရမယ်”ဟု KNPP အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က ပြောသည်။
တပ်မတော်က ချမှတ်ထားသည့် ငြိမ်းချမ်း မူဝါဒ ၆ ချက်ရှိပြီး ငြိမ်းချမ်းရေးရယူရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်များ၌ ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ် မထုတ်ရန်တို့ပါရှိသည်။
ထို့အပြင် ဒေသခံများပေါ်တွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်သည့်တည်ဆဲ ဥပဒေများကို တိတိကျကျလိုက်နာရန်၊ တို့တာဝန်အရေး ၃ပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီ လျှောက်လှမ်းနေမူတွင် လိုက်ပါ လုပ်ဆောင်ရန်ဟုလည်း သတ်မှတ်ထားသည်။
မတ် ၃၁ ရက်က အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA) မူကြမ်းအား ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။







