အစိုးရဌာနဆိုင်ရာများနှင့် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်တို့ပူးပေါင်းပြီး ဘိန်းစာပင်များဖျက်ဆီး

အစိုးရဌာနဆိုင်ရာများနှင့် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်တို့ပူးပေါင်းပြီး ဘိန်းစာပင်များဖျက်ဆီး
by -
ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ နယ်မြေခံတပ်မတော်နှင့် KNU- ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထား ၀ယ်ခရိုင်တို့ပူးပေါင်းပြီး ဖေဖော်ဝါရီ ၄ ရက်နေ့က တနင်္သာရီမြို့နယ်အတွင်းရှိ ဘိန်းစာပင်များကို ပူးပေါင်းတိုက် ဖျက်မှုတစ်ခု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

KNU ဘိတ်-ထားဝယ်ခရိုင်အနေဖြင့် အစိုးရဌာနဆိုင်ရာများနှင့်အတူ ဘိန်းစာပင်များအား ပူးပေါင်း တိုက်ဖျက်မှုများပြု လုပ်နေသလို ၎င်းတို့ကိုယ်တိုင်လည်း တိုက်ဖျက်မှုများလည်း ပြုလုပ်ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုစောဝင်းခိုင်က ယခုလိုပြောသည်။

“ကျနော်တို့အနေနဲ့ကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့အတွက် ချမှတ်ထားတာတွေရှိတယ်။ အဲဒီအတွက် ကြောင့် အခုမှ မဟုတ်ဘူး။ ဟိုးအရင် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ကျနော်တို့ပူးပေါင်းတိုက်ဖျက်တာတွေရှိသလိုပဲ ကိုယ့် နည်းကိုယ့်ဟန်နဲ့ တိုက်ဖျက်နေတာတွေလည်း ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖေ့ဘွတ်သတင်းစာမျက်နှာ၏ ဖော်ပြချက်အရ ဖောဖော်ဝါရီ ၄ ရက်နေ့က တနင်္သာ ရီမြို့နယ်၊ သိမ်ခွန်ကျေးရွာအုပ်စု သဲဖြူကျေးရွာဟောင်းတွင် ပြုလုပ်သည့်ဘိန်းစာ ပင်တိုက်ဖျက်မှုတွင် ဘိန်းစာပင်ပေါင်း ၁၅၂ ပင်ကို နယ်မြေခံတပ်မတော်၊ KNU နှင့် အစိုးရဌာနဆိုင်ရာတို့မှ တူးဖော်ရှင်းလင်းပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အလားတူ KNU ဘိတ်-ထားဝယ်ခရိုင် အနေဖြင့် အဆိုပါ ဘိန်းစာပင်များ တိုက်ဖျက်ရာတွင် စိုက်ပျိုးသူ၊ သုံးစွဲသူများကို ဒဏ်ငွေရိုက်ခြင်း၊ အပင်များအား အမြစ်မှတူးကာ မီးရှို့ဖျက်ဆီးခြင်းများဖြင့် တိုက်ဖျက်မှုများပြုလုပ်နေကြောင်း ပဒိုစောဝင်းခိုင်က ဆက်ပြောသည်။

ဘိန်းစာပင်ကို ဒေသခံများမှ ဆီးချို၊ ညောင်းညာကိုက်ခဲ၊ ၀မ်းပျက်၊ ၀မ်းလျှောဝေဒနာများအတွက် အိမ်သုံး ဆေးအဖြစ်အသုံးပြုရာမှ နောက်ပိုင်း တခြားသောအရောအနှောများဖြစ်သည့် ရေနွေး၊ ကော်ဖီမစ်၊ အချိုရည်၊ ချောင်းဆိုးပျောက်ဆေးရည်များဖြင့် မူးယစ်ဆေးဝါးအသွင် ကျယ်ကျယ်ပြန့်ပြန့်ပြောင်းလဲ အသုံးပြုမှုများရှိလာ ခြင်းဖြစ်သည်ဟု သိရသည်။

ရုက္ခဗေဒ အခေါ်အရ Mitragyna specious ခေါ်သည့် အလေ့ကျပေါက်တတ်သည့် အပင်ငယ်အမျိုးစားဖြစ်ကာ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်များတွင် ပေါက်ရောက် စိုက်ပျိုးမှုများရှိပြီး ၎င်းအပင်နှင့်အရွက်ကို မြန်မာနိုင်ငံမှ ဘိန်းနှင့်ဆက်စပ်သည့် မူးယစ်ဆေးစာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...