အဆိုပါ သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို မြန်မာရွှေ့ပြောင်းပညာရေးကျောင်း တစ်ခုဖြစ် သည့် ဆာသူးလေအထက်တန်းကျောင်း၌ ယနေ့(ဇန်နဝါရီ ၂၁)တွင် ကျင်းပခဲ့ပြီး (Suwanimit Foundation )မှ ဖွင့်လှစ်သည့် သင်တန်းများအတွက် ယင်းကောလိပ်မှ ပထမဆုံးအကြိမ်အဖြစ် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
Suwanimit Foundation မှ ပညာရေးတာဝန်ခံ ဆရာစောကွိက“ ဒီလိုလက်မှတ်ရခြင်းအားဖြင့် ဆက်တက် မယ့်သင်တန်းဖြစ်ဖြစ် အလုပ်ခွင်ထဲမှာဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ အသိအမှတ်ပြုလက်မှတ် ဖြစ်တဲ့အတွက် အလုပ် ခွင်ဝင်တဲ့အခါမှာ သူတို့တွေအတွက် အများကြီးအခွင့်အရေးတွေ ရှိလာမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ Suwanimit Foundation မှ သင်တန်းများ ဖွင့်လှစ်ပေး ခဲ့ခြင်းဖြစ်ပြီး ယင်းသင်တန်းတွင် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ထိုင်းစာ၊ မြန်မာစာ၊ Decoration၊ Non-profit organization management နှင့် Community Development စသည့် ဘာသာရပ် ဆိုင်ရာများကို သင်ကြားပို့ချပေးခဲ့သည်။
Suwanimit Foundationမှ ဖွင့်လှစ်သည့် သင်တန်းများအတွက် အသက် ၁၅ အထက်ရှိသူ မည်သူမဆို တက်ရောက်နိုင်ပြီး အချို့သောသင်တန်းများအတွက် အချိန် ၃ လခန့်ကြာမြင့်မည်ဖြစ်ပြီး သင်တန်း Course တစ်ခုအတွက် ပျမ်းမျှ ဘတ်ငွေ ၁၅၀ခန့် ကုန်ကျမည်ဖြစ် ကြောင်း သိရသည်။
သင်တန်းတွင် မယ်တော်ဆေးခန်း-MTC မှ ရုံးဝန်ထမ်းများ၊ Children Development Centre -CDC မှ ထိုင်းစာသင်ကြားသည့် ဆရာ၊ ဆရာမများ၊ Suwanimit Foundation မှ ရုံးဝန်ထမ်းများ၊ ဘုရားတောင်၊ ခွေးခလုတ်စသည့် မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများ ပါ၀င်ပြီး တတ်ကွန်မြူနတီ ကောလိပ်မှ ကျောင်းအုပ်ကြီးကိုယ်တိုင် အသိအမှတ်ပြုသင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သင်တန်း တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် မယ်တော်ဆေးခန်းမှ စောမျိုးညွန့်က “ကျနော် တက်တာ ထိုင်းဘာ သာစကားသင်တန်းပေါ့။ ကိုယ်က ဒီမှာရွှေ့ပြောင်းအလုပ် သမား အဖြစ်ရှိနေတာဆိုတော့ ဒီနယ်မြေမှာ တစ်စိတ် တစ်ပိုင်းအရ အထောက် အကူဖြစ်မယ်လို့တော့ မြင်ပါတယ်။ နောက်ပြီး ဒီလက်မှတ်တွေက ထိုင်းပညာရေးဌာနက အသိအမှတ်ပြု ထားတာဆိုတော့ အလုပ်လျှောက် တဲ့နေရာမှာဖြစ်ဖြစ် အသုံးဝင်မှာပါ” ဟု ပြောသည်။
ယနေ့ ကျင်းပသည့် သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းအခမ်းအနားသို့ Suwanimit Foundationနှင့် တတ်ကွန်မြူနတီကောလိပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများမှ အဆို၊ အက အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက် ကျင်းပခဲ့ကြသည်။
ထိုင်းနိုင်ငံရှိ ပညာရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် (Suwanimit Foundation )က ဦးဆောင်ပြီး မြန်မာ ရွှေ့ ပြောင်း ကျောင်းသူ ကျောင်းသားများအတွက် ရည်ရွယ်၍ တတ်ကွန်မြူနတီကောလိပ်တစ်ခုကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တွင် စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။







