ကရင်တော်လှန်ရေးတွင် ဘုန်းကြီးရမ်ဘိုဟု ထင်ရှားသူ ဆရာတော်ဦးဝိဇာန ပျံလွန်တော်မူ

ကရင်တော်လှန်ရေးတွင် ဘုန်းကြီးရမ်ဘိုဟု ထင်ရှားသူ ဆရာတော်ဦးဝိဇာန ပျံလွန်တော်မူ
by -
ကေအိုင်စီ
ကရင်တော်လှန်ရေး ဘုန်းကြီးဟု ထင်ရှားနေသူ ဘုန်းကြီးရမ်ဘို (ဆရာတော် ဦးဝိဇာန) သက်တော် ရ၅နှစ်၊ ၀ါတော် ၅၆၀ါသည် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၉ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ငွေမိုးဆေးရုံ၌ ညနေ ၅နာရီ ၂၀မိနစ်အချိန်တွင် လူကြီးရောဂါ ဖြင့် ပျံလွန်တော်မူသွားခဲ့သည်ဟု သိရသည်။

ဆရာတော် ဦးဝိဇာနသည် ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ နာမကျန်းဖြစ်ပွား၍ ဝေမိုးအထူးကုဆေးရုံ၌ ၁၀ရက်ကျော် ကြာ ဆေးကုသမှု ခံယူနေစဉ် ယခုလို ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆရာတော်ဦးဝိဇာန၏ ရုပ်ကလပ်တော်ကို ညီတော်ဖြစ်သူ ဦးဣန္ဒာသီရိ သီတင်းသုံးရာ မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရှိ ဥဒါဟရုဏ်ကျောင်းတိုက်တွင် ပြန်လည်ထားရှိသည် ဟု ညီတော်ဖြစ်သူက မြွက်ကြားသည်။

ဦးဣန္ဒာသီရိက “သူ ပျံလွန်တော်မူအပြီးမှာပဲ ဘုန်းကြီးရဲ့ ကျောင်းမှာ ရုပ်ကလပ်တော်ကို သယ်လာတယ်။ အခုလည်း ဘုန်းကြီး ရဲ့ ကျောင်းတိုက်မှာပဲ ထားထားပါတယ်။ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ သူရဲ့ အသိမိတ်ဆွေတွေ အားလုံးကို ဆိုင်ရာ ဆိုင်ရာကနေ အသိပေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။”ဟု ကေအိုင်စီသို့ မြွက်ကြားသည်။

ဆရာတော်ဦးဝိဇာနသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာအုပ်စု အင်းရှည်(နို့ဖြူး)ကျေးရွာဇာတိဖြစ်ပြီး မွေး ချင်းညီအစ်ကို ၅ဦးအနက် စတုတ္ထမြောက်သားဖြစ်သည်။ ဆရာတော်၏ ငယ်နာမည်မှာ စောကဒယ်ဖိုးဖြစ်ပြီး သက်တော် ၁၅နှစ် တွင် ရှင်သာမဏေပြုကာ သက်တော် ၂၀နှစ်တွင် ရဟန်းခံပြီးနောက် ရန်ကုန်မြို့သို့ ပညာတော်သင်ယူပြီး ဓမ္မကထိကဘွဲ့ကို ရယူခဲ့သည်။

၁၉၈၂ခုနှစ်ကာလတွင် နေရပ်သို့ ခေတ္တပြန်လာနေထိုင်ပြီး ထိုကာလက ကရင်တော်လှန်ရေးနယ်မြေအတွင်း၌ သာသနာပြန့်ပွား ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ရာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ဆက်သွယ်သည်ဟုဆိုကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်(မဆလ)ခေတ်၌ အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသေးကြောင်း သိရသည်။

ဆရာတော်သည် KNU ဗဟို ဌာနချုပ်ဟောင်း မာနယ်ပလော၊ ဒူးပလာယာခရိုင်အပြင် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းနှင့် မဲဆောက်မြို့များတွင် သီတင်းသုံးနေထိုင်ခဲ့ဖူးသည်။ တော်လှန်ရေးကာလ တိုက်ပွဲအခြေအနေ ပြင်းထန်သည့်အချိန်တွင် ခါးကြား၌ သေနတ်ထိုး၍ တပည့်နှင့် သံဃာတော်များနှင့်အတူ သွားလာလှုပ်ရှားခဲ့သဖြင့် ဘုန်းကြီးရမ်ဘိုဟု လူသိများခဲ့သလို ကွယ်လွန်သူ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ မိတ်ဆွေရင်းတစ်ဦးလည်း ဖြစ်သည်။

ထို့အပြင် ဗေဒင်လက္ခဏာဟောခြင်း၊ ဆေးကုမှု အတတ်ပညာနှင့် ဒေသတွင်း အဆောင်လက်ဖွဲ့ အတတ်ပညာရပ်များကို နား လည်တတ်ကျွမ်းသည့် ဆရာတော်တစ်ပါးဟူ၍ ၎င်းသီတင်းသုံးရာ အရပ်ဒေသအရပ်ရပ်တွင် ကြည်ညိုကိုးကွယ်သူ များပြား သည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်ဟု သိရသည်။

KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက “သူက ဘုန်းကြီးတစ်ပါးဖြစ်ပေမယ့် ကရင့်အမျိုး သားအရေးနဲ့ ပတ်သက်လာရင် ကြိုးစားရုန်းကန် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ KNU ကနေ DKBA ခွဲထွက်မသွားခင်မှာ မဖြစ်သင့်တာ မဖြစ်ရအောင် သူ့အနေနဲ့ အတော် အားထုတ်ကြိုးစားခဲ့တာတွေ ရှိတယ်။ အခု သူ ပျံလွန်တော်မူသွားတာဟာ ကရင်အမျိုးသားအရေး ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးခဲ့ရသလို ခံစားရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဦးဝိဇာန ပျံလွန်တော်မူချိန်တွင် ညီတော် ဦးဣန္ဒာသီရိ သက်တော် ရ၀နှစ်၊ ၀ါတော် ၅၀၀ါ တစ်ပါး ကျန်ရစ်ခဲ့ပြီး ၎င်း၏ ရုပ်ကလပ် တော်ကို ဇန်နဝါရီလ ၁၆ရက်နေ့၊ မွန်းလွဲ ၁နာရီအချိန်တွင် မော်လမြိုင်မြို့ ရှမ်းစုရပ်၊ ဒိုင်းဝန်ကွင်းရှိ သချႋုင်းကုန်းတွင် မီးသင်္ဂြိုလ်မည် ဖြစ်သည်။

Most read this week

June 16, 2026
ကရင်အမျိုးသားတွေအပါအဝင် မျိုးချစ် ကရင်တော်လှန်ရေးသမားတွေအနေနဲ့ ကရင်ပြည် “ကော်သူးလေ”...
June 16, 2026
“လက်ရှိ အာဏာရှင်စနစ်ကို မောင်းနှင်နေတာက မဟာဖိုဝါဒ၊ လူမျိုးကြီးဝါဒနဲ့ အမျိုးသားကြီးစိုးရေးဝါဒတွေ...
Photo:KIC
June 16, 2026
ကဏ္ဍအသီးသီးရှိ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်၍ ကရင်အမျိုးသားထုတစ်ရပ်လုံး၏...
June 15, 2026
တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင်...