တွေ့ဆုံပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊ လောင်လုံ၊ မြိတ်၊ ပုလော မြို့နယ်များ နှင့် ပလောင်၊ မေတ္တာ စသည့်မြို့နယ်ခွဲတို့မှ ကရင်လူငယ်များ၊ အခြားတိုင်းနှင့် ပြည်နယ်များမှ ကရင်လူငယ်များ အပါအဝင် လူငယ်ကိုယ်စားလှယ်စုစုပေါင်း ၄၀၀ နီးပါး တက်ရောက်ခဲ့ကြသည်ဟု ကရင်လူငယ် ကွန်ရက် တနင်္သာရီတိုင်းတာဝန်ခံ စောဧရာဝင်းက ကေအိုင်စီသို့ ပြောသည်။
“ကျနော်တို့ အဓိကလုပ်တာက လူငယ်တွေ ကရင့်သမိုင်းသိဖို့၊ ကရင်အနာဂတ် သာယာဝပြောဖို့၊ လူငယ်တွေ စည်းလုံးညီညွတ်ဖို့ ရည်ရွယ်ပြီး တစ်နှစ်အတွင်း နှစ်ကြိမ်လုပ်ဖို့ စီစဉ်ထားပါတယ်။ အခုကတော့ ပထမအကြိမ် လုပ်တာပါ။ နောက်တစ်ကြိမ်လုပ်ဖို့ ရှိပါသေးတယ်”ဟု စောဧရာဝင်းက ကေအိုင်စီသို့ ပြောသည်။
တနင်္သာရီိတိုင်းဒေသကြီးရှိ ကရင်လူငယ်များ စည်းလုံးညီညွတ်ရေး၊ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့့ဖြိုးရေးကိစ္စများ၊ အမျိုးသားရေးလုပ်ဆောင်ရာ၌ အင်အားကောင်းလာစေရန်နှင့် အနာဂတ် ပိုမိုကောင်းမွန်အောင် မည်သို့အသုံးချ သွားမည်ကို အဓိက တိုင်ပင်ဆွေးနွေးခဲ့သလို ရှေ့ဆက်လုပ်ငန်းစဉ်အနေဖြင့် ကရင်အမျိုးသားရေးတွင် ကရင် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
နှစ်ရက်ကြာကျင်းပသည့် ယင်းတွေ့ဆုံပွဲတွင် KYN အပြင် ကရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU ထိပ်ပိုင်းခေါင်းဆောင်များ၊ ကန်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်စိုး၊ ဒေသခံ NGOs၊ CSOsများ၊ ဆရာတော် သံဃာတော်များလည်း တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတက်ရောက်သည့် မြိတ်မြို့နယ်၊ မဒေါပရင်းရွာမှ နော်ကတ်သရင်းအောင်က “မနှစ်က မဲစမိတ်မှာ လုပ်တဲ့ လူငယ်တွေ့ဆုံပွဲကို ကျမတို့ မသွားနိုင်ခဲ့ဘူး။ အခု တွေ့ဆုံပွဲလုပ်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် အချိန်တိုပြီး လူများတော့ မရင်းနှီးသလိုပဲ။ နောက်ပြီး စာတွေများတော့ လူငယ်တစ်ယောက်အနေနဲ့ သိပ်စိတ် မဝင်စားပါဘူး။ လိုရင်း တိုရှင်းဆို ပိုမှတ်ရတာ လွယ်မယ်ထင်တယ်”ဟု ကေအိုင်စီသို့ မှတ်ချက်ပြုပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာတွင် တတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်တွေ့ဆုံပွဲကို ကရင်ပြည််နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲစမိတ်ကျေးရွာ၌ ပြုလုပ်ပြီးနောက် မိမိတို့နှင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ကရင်လူငယ်တွေ့ဆုံပွဲများ ပြန်လည်ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး တွင်လည်း ယခုလို တွေ့ဆုံပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု ကရင်လူငယ်ကွန်ရက် တာဝန်ခံများထံမှ သိရသည်။







