လက်ရှိ ယင်းဘိလပ်မြေစက်ရုံတည်ဆောက်မည့် စီမံကိန်းကြောင့် ဒေသအတွင်းရှိ ပြည်သူများအပေါ် သဘာဝဘေးအန္တရာယ်၊ ခြိမ်းခြောက်မှှုများရှိနေပြီး မြေနှင့် သဘာဝအရင်းအမြစ်များကို အကာအကွယ်ပေးရန် ရည်ရွယ်ကာ ဒေသခံရွာသားများက ယခုလို ပရိတ်ရွတ်ဆုတောင်းပွဲ ကျင်းပရခြင်းဖြစ်သည်ဟု ဒေသခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုဉာဏ်ဝင်းက ကေအိုင်စီသို ့ အခုလိုပြောသည်။
“ဒီနေ့လုပ်တဲ့ပွဲက ကျနော်တို့ဒေသက လူအားလုံး ဒီစီမံကိန်းဖြစ်မှာကို သဘောမတူကြဘူး။ အဲဒီတော့ ဆုတောင်းတာပေါ့။ အဓိ ကတော့ သဘောမတူဘူး။ ကန့်ကွက်တယ်။ နောက်ပြီး ဒီတောင်ရဲ့ ထာဝရတည်တံ့ဖို့ အဲလိုမျိုး ရည်ရွယ်ချက်နဲ့ပေါ့။ ကျနော်တို့ ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေလည်းရှိတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေထိုင်တဲ့ ကရင်လူမျိုးတွေဖြစ်တဲ့အတွက် ဘာပြဿနာမှ မရှိဘူး”ဟု မိကရင်ကျေးရွာ ဒေသခံခေါင်းဆောင် ကိုဉာဏ်ဝင်းက ပြောသည်။

စီမံကိန်း ပြုလုပ်မည့် အခြေအနေနှင့် ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ကရင်လက်နက်ကိုင်အဖွဲ့ပေါင်းစုံညီညွတ်ရေးကော်မတီက မတ်လ ၃၀ရက်နေ့က မိကရင်တောင် အနီးတဝိုက် ကျေးရွာ များရှိ ဒေသခံများနှင့် လာရောက်ညှိနှိှုင်းကာ သဘောထား တောင်းခံသောကြောင့် ဒေသခံများဘက်မှ လုံးဝကန့်ကွက်ရန် ပြင်ဆင် ထားသည်ဟု ဒေသခံခေါင်းဆောင် ကိုဉာဏ်ဝင်းက ဆက်ပြောသည်။
ယနေ ့ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲသို ့ဖားအံမြို့နယ်၊ မိကရင်ကျေးရွာ၊ ကြာအင်းကျေးရွာ၊ ကော့ဖျံကျေးရွာ၊ မုက္ကဒိကျေးရွာတို့ အပါအဝင် ကျေးရွာ ၁၀ရွာမှ ဒေသခံများနှင့် ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း ၂၀၀၀ခန့် တက်ရောက်ခဲ့သည်။
အဆိုပါ စီမံကိန်းကို ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကရင်ပြည်နယ်ဖွံ့ဖြိုးရေး စသည့်ရည်ရွယ်ချက်များဖြင့် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဖားအံမြို့ခံများနှင့် လူမှုအဖွဲ့အစည်းများအား ပြီးခဲ့သည့် မတ် ၁၉ရက်နေ့တွင် ဖားအံမြို့၊ သီရိဟိုတယ်၌ ဗိုလ်မှူးကြီးစောချစ်သူက တွေဆုံပြောဆိုထားသော်လည်း ဒေသခံများနှင့် လူမှုအဖွဲ့အစည်းအသီးသီးက စက်ရုံ မတည်ဆောက်ရန် ယခုလို ဝိုင်းဝန်းတောင်းဆိုနေကြခြင်း ဖြစ်သည်။
ယင်းစီမံကိန်းပြုလုပ်ရန် ဒေသခံများ၏ သဘောထားရယူခြင်းမရှိဘဲ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ကရင်ပြည်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးချစ်သူ ဦးဆောင်ကာ တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် MOU လက်မှတ်ထိုးထားခဲ့သည်ဟု မတ် ၁၉ရက်နေ့တွင် ဖားအံ သီရိဟိုတယ်၌ ပြုလုပ်သည့် အခမ်းအနားတွင် ဗိုလ်မှူးကြီးစောချစ်သူက ထုတ်ဖော်ပြောဆိုခဲ့သည်။
“ကျနော်တို့ဒေသခံတွေက စီမံကိန်းကို ကန့်ကွက်တယ်။ ဘာဖြစ်လို့ကန့်ကွက်လည်းဆိုတော့ ဒီစီမံကိန်းက ကျနော်တို့အတွက် အကျိုးမရှိဘူး။ စီမံကိန်းဖြစ်ရင် ဒေသခံတွေရဲ့ ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေး၊ နေထိုင်ရေး အဲဒါတွေကို ထိခိုက်မှာစိုးရိမ်လို့ ကန့်ကွက်နေတယ်”ဟု ကြာအင်းကျေးရွာမှ စောဟန်စိန်မှ ကေအိုင်စီသို့ ပြောသည်။
မိကရင်တောင် ဘိလပ်မြေစက်ရုံစီမံကိန်းပြုလုပ်ရန်အတွက် ပြီးခဲသည့် ၂၀၁၃နှင့် ၂၀၁၄ခုနှစ်တွင် United Cement ကုမ္ပဏီနှင့် စိုးနိုင်ဖြိုးကုမ္ပဏီတို့မှ အကောင်အထည်ဖော်ရန် ဒေသခံများနှင့်လာရောက်တွေ့ဆုံခဲ့ဖူးသလို ဒေသခံများ လက်မခံသည့်အပေါ် စီမံကိန်း မပြုလုပ်နိုင်ခဲ့ပေ။







