ဆရာတော်ဦးစန္ဒာဝရက "အခုလုပ်တာက ကရင်ပြည်နယ် အခန်းကဏ္ဍအနေနဲ့ လုပ်တာဖြစ်တယ်။ မွန်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ အထက်မြန်မာပြည် လုပ်မယ်။ ပြည်နယ်၊ ဒေသအလိုက်မှာရှိတဲ့ KUPC အဖွဲ့ဝင်များကနေ ဦးဆောင်လုပ်ပြီးတော့ ရရှိလာတဲ့ အချက်အလက်တွေကို ပဥ္စမအကြိမ်မှာ ပြုလုပ်မယ့် KUPC အစည်းအဝေးမှာ တင်ပြကြမယ်"ဟု မိန့်ကြားသည်။
KUPC အဖွဲ့ဝင်များမှ ဦးဆောင်ပြီး ကရင်ပြည်နယ်၊ ဖားအံမြို့၊ သုမေဓာရာမ ကြားတောရကျောင်း၌ ပြုလုပ်ကျင်းပသည့် ကရင် ရေးရာကိစ္စများ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်၊ ဒေသအလိုက် လိုအပ်ရာ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်ပြီး နိုင်ငံရေး၊ စာပေရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ မျိုးနွယ်စု၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြံုရေး၊ အထွေထွေ ကဏ္ဍ ဖြစ်သည့် မြေယာ၊ သယံဇာတ၊ မူးယစ်ဆေးဝါးများဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာသည့် ကိုယ်စားလှယ်များက အုပ်စု လိုက်ခွဲကာ ဆွေးနွေးခဲ့ကြသည်။
ယင်းသို့ ပြည်နယ်အလိုက် ကရင်ရေးရာကိစ္စများ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းမှာ ကရင်၏ အဓိက စံနှုန်းထားတစ်ခုကို ရယူရန် အခြေခံတွေကို ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ကရင်ပြည်နယ်ရှိ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်း များ၊ ဘာသာရေးခေါင်းဆောင်များ စုစုပေါင်း လူဦးရေ ၁၀၀ခန့် တက်ရောက်ခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် Research Institute For Social and Ecology (RISE)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ် သည့် စောဘလက်ဇင်းက "ဒီ KUPC က ငြိမ်းချမ်းရေး စတင်အကောင်အထည်ဖော်တဲ့ အချိန်ကစပြီး အခုဒီမှာပါတဲ့ ကော်မတီ ဝင်တွေပေါ့။ သူတို့က စဉ်းစားတာက ဒီငြိမ်းချမ်းရေးဟာ နည်းမှန်လမ်းမှန်နဲ့ သွားနိုင်အောင်ရယ်။ အဲဒါကိုရည်ရွယ်ပြီး ဒီနေ့ သူတို့ လုပ်ဆောင်မှု တစ်စိတ်တစ်ဒေသ ပါတာပေါ့။ ရှေးဆက် သူတို့ဘာလုပ်မလဲဆိုတာ နိုင်ငံရေးဆွေးနွေး ပွဲတက်တဲ့အချိန်မှာ ဒါကို ကြိုတင်ပြင်ဆင်လုပ်တဲ့အနေနဲ့ပါ"ဟု ကေအိုင်စီသို့ ပြောဆိုသည်။
လာမည့် ပဥ္စမအကြိမ်မြောက် KUPC အစည်းအဝေးကို မေလအတွင်း ပဲခူးတိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကရင်အမျိုးသား ညီလာခံ ကျင်းပနိုင်ရေးအတွက် ကော်မတီမှ ညီလာခံအကြို ခေါ်ယူဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဟု သိရှိရသည်။
KUPC ကို ၂၀၁၃ခုနှစ်၊ မတ်လ ၃၀ရက်နေ့က ဖားအံမြို့တွင် ကျင်းပခဲ့သော ကရင်ရေးရာအစည်းအဝေးက စတင်ဖွဲ့စည်းပေးခဲ့ပြီး ကရင်တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီဝင်များမှ အဖွဲ့ဝင်ကိုယ်စားလှယ် ၅၇ဦးဖြင့် ဖွဲ့စည်းထားသည်။







