လုံခြံုရေးကြောင့် ကန်ပိုင်တီ ဒေသ ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့ ပြန်လည် ဆုတ်ခွာ

လုံခြံုရေးကြောင့် ကန်ပိုင်တီ ဒေသ ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့ ပြန်လည် ဆုတ်ခွာ
by -
ကေအဲန်ဂျီ
လုံခြံုရေး စိုးရိမ်ရသည့် အခြေနေကြောင့် အစိုးရနယ်ကြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာ ကန်ပိုင်တီဒေသ မောစီတုန်းနယ်မှ ဘိန်းခင်းများ ဖျက်ဆီးရန် ရောက်ရှိနေသည့် လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (PJS) သည် ဖေဖော်ဝါရီ (၅)ရက် မနေ့က ၀ုိင်းမော်မြို့သို့ နောက်ဆုတ် ပေးခဲ့သည်။

ရာဂဏန်းရှိသော ဘိန်းစိုက်ပျိုးသူများသည် PJS အဖွဲ့များ ရောက်ရောက်လာချင်း ၎င်းတို့ကို ၀ိုင်းရံထားလိုက်ပြီး ပေ ၃၀၀ ခန့်ထိ ချဉ်းကပ်ကာ လေးဂွဖြင့်ပစ်ခတ်ခြင်း၊ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း စသည်ဖြင့် တိုက်ခိုက်လာသောကြောင့် မော်စီတုန်းနယ်မှ PJS အဖွဲ့အားလုံးကို ၀ုိင်းမော်မြို့သို့့ ပြန်ဆုတ်ခိုင်းခြင်း ဖြစ်ကြောင်း PJS ခေါင်းဆောင်များ ကချင်သတင်းဌာန (KNG)ကို ယနေ့ အတည်ပြုပြောခဲ့သည်။

ယခုလို ဘိန်းခင်းပိုင်ရှင်များ၏ တိုက်ခိုက်မှုကြောင့် PJS အဖွဲ့ (၄) ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ တစ်ဖက်တွင် PJS အဖွဲ့များ၏ ပြန်လည်ခုခံမှုကြောင့် ဘိန်းခင်းပိုင်ရှင် (၂ )ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း PJS ခေါင်းဆောင်များထံမှ သိရသည်။

ဘိန်းခင်းပိုင်ရှင်များသည် PJS အဖွဲ့များ၏ စခန်းထဲသို့ဝင်ပြီး အိုးခွက်၊ ပန်းကန်များကို ဖျက်ဆီးခဲ့ရုံမျှမက PJS အဖွဲ့ အသုံးပြုသော ကားများကိုလည်း မှန်ရိုက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်အား ၃၀၀ ခန့်ရှိ ကချင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ပါ၀င်ဦးဆောင်သည့် PJS အဖွဲ့သည် ဘိန်းခင်း ဧက ထောင်ဂဏန်းရှိသည့် မော်စီတုန်းနယ်သို့ ဖေဖော်ဝါရီ ၂ ရက်၊ အင်္ဂါနေ့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

အစိုးရ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အောက် ချီဖွေစစ်ဗျူဟာမှ လုံခြံုရေးတာဝန်ယူထားသော်လည်း ဘိန်းခင်းပိုင်ရှင်များ၏ တရက်ပြီးတရက် ပိုပို ပြင်းထန်လာသော တိုက်ခိုက်မှုများကို မရပ်တန့်နိုင်ခဲ့ကြောင်း PJS ခေါင်းဆောင်များက ဆိုသည်။ လုံခြံုရေးတပ်များ မိုးပေါ် သတိပေး ပစ်ခတ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း PJS အဖွဲ့အား လေးဂွ၊ ကျောက်ခဲဖြင့် တိုက်ခိုက်မှုများမှာ လျော့ကျမသွားပဲ ပိုဆိုးလာကြောင်း PJS ခေါင်းဆောင်များက ပြောသည်။

မော်စီတုန်းနယ်ရှိ ဘိန်းခင်းများရှိရာ နေရာများသို့ အစိုးရလုံခြံုရေးတပ်ဖွဲ့ အင်အား ထပ်တိုးပေးရန် PJS အဖွဲ့က ကချင်ပြည်နယ်အစိုးရထံ ဖေဖေါ်ဝါရီလ ၅ ရက်နေ့က စာဖြင့် ပန်ကြားခဲ့ကြောင်းသိရသည်။

မော်စီတုန်းနယ်မှ ဘိန်းခင်း (၁၅) ဧက ခန့်ကိုသာ ဖျက်ဆီးပြီး နောက်ဆုတ်လိုက်ရသော်လည်း အစီစဉ်ကို ရုပ်သိမ်းလိုက်ခြင်း မဟုတ်ကြောင်း ၀ုိင်းမော်မြို့တွင် ရှိနေသော PJS ခေါင်းဆောင်တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောသည်။

ယခုချိန် ၀ိုိင်းမော်မြို့နယ် ကတ်သလစ်အသင်းတော် ဘုန်းကြီး (Father) Zukdaw Zung Ting ဦးဆောင်သော PJS အင်အား ၁၀၀၀ ကျော်မှလည်း ချီဖွေလမ်း Shangaw Krung ဒေသ ဘိန်းခင်းများကို ဖျက်ဆီးနေကြောင်း သိရသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...