မြဝတီ-ဖားအံလမ်းတွင် စစ်အုပ်စုက ပေါ်တာဖမ်းဆီးမှုများရှိနေ

မြဝတီ-ဖားအံလမ်းတွင် စစ်အုပ်စုက ပေါ်တာဖမ်းဆီးမှုများရှိနေ

ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ခရီးသွားလူငယ်များကို ပေါ်တာ (အဓမ္မစစ်မှုထမ်းရန်) ဖမ်းဆီးခေါ်ဆောင်နေသည်ဟူသော သတင်းများကြောင့် ယာဉ်မောင်းအချို့မှာ လုံခြုံရေးအရ အဆိုပါလမ်းမကြီးကို ရှောင်ရှားကာ တောလမ်းများသို့ ပြောင်းလဲမောင်းနှင်နေရကြောင်း သိရသည်။

လက်ရှိတွင် အာရှလမ်းမကြီးကို အသုံးပြုနေသည့် ခရီးသည်တင်ယာဉ်များပေါ်မှ လူငယ်များကို စစ်အုပ်စုက စနစ်တကျ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် ယာဉ်မောင်းအချို့မှာ ထို့ကော်ကိုးလမ်းနှင့် ၁၀၁၈ (BGF ၁၀၁၈ တပ်ရင်း) လမ်းစသည့် တောလမ်းကြောင်းများကို အစားထိုး အသုံးပြုလာကြခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်ကတည်းက ခရီးသည်တင်ကားတွေပေါ်က လူငယ်တွေကို ဖမ်းဆီးသွားတဲ့ သတင်းတွေ ကြားနေရတယ်။ စစ်ဆေးရေးဂိတ်တွေမှာတင်မဟုတ်ဘဲ လမ်းပေါ်မှာ ကင်းစောင့်နေတဲ့ စကစ (စစ်အုပ်စု) တပ်တွေကပါ တိုက်ရိုက်ဖမ်းဆီးတာမျိုးတွေ ရှိလာတယ်။ ဒါကြောင့် ကားသမား အချို့က လမ်းကြောင်းပြောင်းသွားနေကြတာပါ” ဟု အာရှလမ်းမပေါ် သွားလာနေသည့် ယာဉ်မောင်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင် မြဝတီမြို့သို့ တက်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရသလို ဇွန်လ ၂၅ ရက်နေ့ကလည်း ဝဲကရင်ကျေးရွာအနီးနှင့် ကျားကလေးလမ်းဆုံနေရာများတွင် လူငယ် အယောက် ၃၀ ခန့် ပေါ်တာအဖမ်းခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

လမ်းမကြီးတစ်လျှောက် ပေါ်တာဖမ်းဆီးမှုများကြောင့် ဒေသတွင်းရှိ လူငယ်များမှာ စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်များနှင့် လုံခြုံရေးတပ်ဖွဲ့များ ရှိရာလမ်းမကြီးများကို ဖြတ်သန်းသွားလာရန် အထူးစိုးရိမ်လျက်ရှိကြောင်း ကျုံဒိုးမြို့အနီးတွင် နေထိုင်သည့် လူငယ်တစ်ဦးက ပြောသည်။

၎င်းက “သတင်းတွေကြားတော့ သွားလာဖို့ ကြောက်နေကြတယ်။ မိဘတွေကလည်း မြို့ထဲသွားဖို့တောင် မလုံခြုံတော့တဲ့အတွက် သိပ်မသွားခိုင်းတော့ဘူး” ဟု ပြောဆိုသည်။

မြဝတီ-ကော့ကရိတ်-ဖားအံလမ်းပိုင်းတွင် စစ်အုပ်စု၏ အမြဲတမ်းစစ်ဆေးရေးဂိတ်များအပြင် လမ်းလုံခြုံရေးအတွက် လမ်းဘေးဝဲယာတွင်လည်း တပ်အင်အားချထားမှုများ ရှိနေသည့်အတွက် ဆိုင်ကယ်ဖြင့် သွားလာသူများအပါအဝင် ခရီးသွားပြည်သူများမှာ စိတ်လုံခြုံမှုမရှိဘဲ ဖြစ်နေသည်။

ထို့အပြင် ဖားအံနှင့် မြဝတီမြို့တွင်းများ၌လည်း လူငယ်များ မကြာခဏ ပေါ်တာဆွဲခံရသည့် ဖြစ်စဉ်များရှိနေပြီး ဖမ်းဆီးခံရသည့် လူငယ်အချို့ကို မိဘများက ငွေကြေးပေး၍ ပြန်လည်ရွေးထုတ်နိုင်သော်လည်း အချို့မှာမူ စစ်မှုထမ်းသင်တန်းကျောင်းများသို့ပို့ဆောင်ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။

Photo: KIC

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...