KIA မုန်းကို ဒေသသို့ အစိုးရတပ် စစ်ကူများပို့၊ (၄)နေရာ တိုက်ပွဲ ဖြစ်နေ

KIA မုန်းကို ဒေသသို့ အစိုးရတပ် စစ်ကူများပို့၊ (၄)နေရာ တိုက်ပွဲ ဖြစ်နေ
by -
ကချင်သတင်းဌာန
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း KIA မုန်းကို ဒေသသို့ စက်တင်ဘာ ၁၅ရက်နေ့ညက အစိုးရတပ် စစ်ကူများ ပို့ထားပြီးနောက် စက်တင်ဘာ ၁၆ရက်နေ့၊ မနက်ပိုင်း၌ (၄)နေရာ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

ကွတ်ခိုင်ဘက်မှ စစ်ကား(၁၆)စီးခန့်ဖြင့် အစိုးရတပ် စစ်ကူများသည် စက်တင်ဘာ ၁၅ရက်နေ့၊ ညအချိန် မုန်းကို သွားလမ်း ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် နှင့် ပန်ဆိုင်း(ကြူကုတ်)ကြား နမ်တောင်း (Nam Tau) ကျေးရွာသို့ ဝင်ရောက်လာပြီး ယင်းနောက် ယနေ့ မိုးမလင်းမီ စစ်ကြောင်း(၂)ကြောင်း ခွဲ၍ KIA အမာခံစခန်းရှိရာ လွယ်ဂျုံဘွမ်တောင် (Loi Jung Bum) သို့ ပြန်လည်ထွက်ခွာသွားကြောင်း နမ်တောင်း ဒေသခံများဆိုပါသည်။

စစ်ရေး မဟာဗျူဟာအရ အရေးပါသော Loi Jung Bum တောင်သည် မုန်ဘော် (Mung Baw)နှင့် မုန်းကို (Mong Ko) ကြား တည်ရှိသည်။ ၎င်း တောင်သို့ ပန်ဆိုင်း(ကြူကုတ်)-ခလွမ်(Hka Lum) လမ်းကြောင်းနှင့် မုန်ဘော်(Mung Baw) လမ်းကြောင်း နှစ်ဘက်မှချီတက်လာစဉ် KIA တပ်ရင်း(၃၆) တပ်ဖွဲ့များနှင့် စက်တင်ဘာ ၁၆ရက်နေ့၊ မနက်ပိုင်း၌ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်သည့်နေရာသည် နမ်တောင်းကျေးရွာအနီး အရှေ့ဘက် ဖာဟိုးဘွမ် (Hpa Hu Bum)နှင့် ၎င်းကျေးရွာ အရှေ့တောင်ဘက် မုန်ဘော်(Mung Baw) ကျေးရွာ ပတ်ဝန်းကျင်(၃) နေရာ (Man Kang Bum၊ Ying La Bum၊ Loi Lawm Bum) တို့တွင် ဖြစ်သည်ဟု မုန်းကို ဒေသ KIA အရာရှိများ အတည်ပြုပြောဆိုသည်။

Loi Jung Bum တောင်ခြေတွင် စက်တင်ဘာ ၁၁ ရက်၊ တနင်္လာနေ့ ဖြစ်ပွားသောတိုက်ပွဲသည် ပြင်းထန်ပြီး နောက်ဆုတ်သွားသော အစိုးရစစ်ကြောင်းမှ လက်နက်အချို့ KIA မှ သိမ်းဆီးရရှိခဲ့ ကြောင်း ကချင်ပြည်နယ် KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ကချင်သတင်းဌာန KNG ကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) နယ်မြေနှင့် မုန်းကို-ဖောင်းဆိုင် ဒေသများအတွင်း “မည်သည့်အဖွဲ့မှ (၃)ရက် အထက် စခန်း (post) ချခြင်း မပြုလုပ်ရန်နှင့် လက်နက်နှင့်လူ(၅)ယောက် အထက် စည်းရုံး စုဖွဲ့ခြင်း မပြုလုပ်ရန်” အစိုးရတပ်၏ သတိပေးထုတ်ပြန်ချက်လည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ယခုလို မုန်းကို ဒေသတွင် အစိုးရတပ်နှင့် KIA ကြား တိုက်ပွဲ ပြင်းထန်လာနေချိန် ထူးထူးခြားခြား တရုတ်စစ်တပ်က ပန်ဆိုင်း(ကြူကုတ်)မှ ဖောင်းဆိုင်ထိ နယ်စပ်တလျှောက် တပ်စခန်းများ ချထားကြောင်း ဒေသခံများက ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA နောက်ဆုံးအဆင့် လက်မှတ်ရေးထိုးရန် သဘောတူညီချက် မရဘဲ ညှိနှိုင်းဆဲဖြစ်နေချိန် အစိုးရတပ်နှင့် တိုက်ပွဲများ ပလောင်(တအောင်း) ဒေသနှင့် ကိုးကန့်ဒေသများတွင်လည်း ဆက်လက် ဖြစ်ပွားနေသည်။

မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ တစ်ချို့လမ်းကြားနေရာတွေမှာတွေ့ရစဉ်။
May 20, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို...
May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...