နောက်ဆုံးအဆင့် NCA ညှိနှိုင်းနေချိန် ကချင်ဒေသတွင် အစိုးရ ပြည်သူ့စစ်သင်တန်းပေးနေ

နောက်ဆုံးအဆင့် NCA ညှိနှိုင်းနေချိန် ကချင်ဒေသတွင် အစိုးရ ပြည်သူ့စစ်သင်တန်းပေးနေ
by -
ကချင်သတင်းဌာန
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် ချုပ်ဆိုနိုင်ရေး နောက်ဆုံးအဆင့် ကြိုးပမ်းနေချိန် ကချင်ဒေသများတွင် အစိုးရတပ်က ဒေသခံပြည်သူများကို ယခုအပတ်မှ အခြေခံစစ်ပညာ သင်တန်းများ ပေးလျှက်ရှိသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဒေသခံများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လက်အောက် ဝိုင်းမော်မြို့အခြေစိုက် ခလရ(၅၈)နှင့် ရွှေညောင်ပင်အခြေစိုက် ခမရ(၃၂၁) တပ်ရင်းစခန်း(၂)ခုတွင် (၂)ပတ်ကြာ ပြည်သူ့စစ်သင်တန်းကို စက်တင်ဘာ ၈ ရက်နေ့မှ စတင်ပြုလုပ်နေခြင်းဖြစ်သည်။

ဒေသခံများပြောဆိုချက်အရ ၎င်း စခန်း(၂)ခုတွင် သင်တန်းတက်ရောက်နေသူများ (၁၀၀)ကျော် ရှိနေပြီး အများစုသည် ဒေသခံ ရှမ်းနီအမျိုးသားဖြစ်ကြာင်း သိရသည်။

ဝိုင်းမော်မြို့နယ် ဒေသပြည်သူ့စစ်ကော်မတီအဖွဲ့မှ မိုင်းနား၊ ဂွေထု၊ ဟိုးလှော်နှင့် နောင်တာလော အစရှိသည့် ကျေးရွာ(၄)ရွာမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ရွာလူကြီးများကို အဆိုပါ သင်တန်းအတွက် မိုင်းနားကျေးရွာတွင် သြဂုတ်လ(၃၁) နေ့က တရားဝင်စာဖြင့် အစည်းအဝေး ဖိတ်ခေါ်ခဲ့သည်။

ယခု လုပ်ရပ်သည် အစိုးရ၏ ဒေသခံ ကချင်နှင့်ရှမ်းနီကြား လူမျိူးရေးပြဿနာဖြစ်အောင် သွေးခွဲဖန်တီးခြင်းဖြစ်ကြောင်းနှင့် ၎င်း နောက်ကွယ်မှ အဓိက ကြိုးကိုင်သူနှစ်ဦးမှာ မပခ တိုင်းမှူးဟောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဦးအုန်းမြင့်နှင့် ယခင် စစ်အစိုးရ ဆက်သွယ်ရေး ဝန်ကြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒု-ဥက္ကဌ ဦးသိန်းဇော် တို့ဖြစ်သည်ဟု ဒေသခံများ ဆိုပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ(၄) ဒေသတွင်လည်း ပြည်သူ့ စစ်သင်တန်းများပေးရန် အစိုးရတပ်က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာလူကြီးများကို အစည်းအဝေး ဖိတ်ခေါ်ဆွေးနွေးမှုများ ပြီးခဲ့သည့် (၁)ပတ်ကျော်မှ ပြုလုပ်နေကြောင်း သိရသည်။

လားရှိုး၊ ကွတ်ခိုင်နှင့် မူဆယ် မြို့နယ် (၃)ခုရှိ ဒေသပြည်သူ့စစ်တပ်ဖွဲ့များအတွက် အစိုးရတပ်က လက်နက် ၅၀၀၀ ထုတ်ပေးရန် ပြောဆိုဆွေးနွေးမှုများလည်း ရှိသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

၂၀၁၁ အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားပြီးနောက် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များအတွင်း ဖြစ်ပွားသောတိုက်ပွဲများတွင် အစိုးရမှဖွဲ့စည်းထားသော ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များလည်း ပါဝင်ကြောင်း သိရသည်။

NCA ကိစ္စ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထိပ်သီး ခေါင်းဆောင်များအကြား စက်တင်ဘာ(၉)ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ရန် ပျက်ကွက်ပြီး အစ္စရေးနိုင်ငံသို့ စစ်လက်နက်ပစ္စည်း ကြည့်ရှုသည့်ခရီး ပြုနေပါသည်။

နေပြည်တော် ဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန် က အောက်တိုဘာလ ပထမအပတ်မှာ NCA စာချုပ် လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့ သည်။

NCA လက်မှတ်ထိုးရာ၌ အစိုးရ အသိအမှတ်မပြုသော ကျန်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့(၆)ဖွဲ့ လည်း ပါ၀င်ရန် တိုင်းရင်းသား ခေါင်းဆောင်များ တင်ပြညှိနှိုင်းနေချိန် ကချင်၊ ပလောင် (တအောင်း) နှင့် ကိုးကန့် ဒေသများတွင် အစိုးရတပ်နှင့်တိုက်ပွဲများ တဖြည်းဖြည်း ပြင်းထန်လာလျှက်ရှိသည်။

January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...