အစိုးရ တပ်အင်အား ထပ်ဖြည့်သောကြောင့် ကချင်ပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲထပ်မံပွားနိုင်

အစိုးရ တပ်အင်အား ထပ်ဖြည့်သောကြောင့် ကချင်ပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲထပ်မံပွားနိုင်
by -
ကချင်သတင်းဌာန
ကချင်ပြည်နယ်တောင်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း(၁၂) နယ်မြေသို့ မြန်မာအစိုးရ စစ်အင်အား ထပ်ဖြည့်နေဆဲရှိခြင်းကြောင့် တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ဆွေးနွေးပွဲလုပ်နေချိန် အစိုးရတပ်၏ အမြဲပုံမှန် လုပ်နေကြအတိုင်း စက်တင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲလုပ်နေစဉ် KIA နယ်မြေများသို့ အစိုးရ စစ်အင်အားများ ထပ်ဖြည့်လာသည်ဟု KIA ထိပ်ပိုင်း အရာရှိများက ပြောသည်။

တပ်ရင်း(၁၂) နယ်မြေ ဗန်းမော်ခရိုင် မံစီမြို့နယ် နောက်ဆုံး စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လိုင်ဇာ ဗဟိုဌာနချုပ်မှ အစိုးရနှင့် KIO ပူးတွဲ မဏ္ဍိပက္ခဖြေရှင်းရေး ကော်မတီဝင် ဒု-ဗိုလ်မှူးကြီး နော်ဘူ ကချင်သတင်းဌာန KNG သို့ ယခုလို ပြောသည်။

“မနေ့က ပစ်ခတ်မှု ထပ်မံဖြစ်တယ်လို့ မကြားရဘူး။ ဒါပေမယ့် စစ်နယ်မြေ ဖြစ်နေတာပါ။ အစိုးရ တပ်အင်အား ဖြည့်နေဆဲ…စစ်ရေးလှုပ်ရှားနေဆဲ ဆိုတော့ သတိထားနေရဆဲဖြစ်ပြီး ထပ်မံ ပစ်ခတ်ကြဖို့ ရှိတယ်။”ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ယမန်နေ့၊ နေပြည်တော်တွင် နှစ်ဖက် ထိပ်သီးခေါင်းဆောင်များ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကိစ္စ ဆွေးနွေးနေစဉ် မံစီမြို့အနောက်တောင်ဘက် စီအူရွာ (ကချင်လို ဂျေဦး) တဝိုက် KIA တပ်များရှိသည်ဟု ထင်ရသောနေရာများသို့ အစိုးရတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း KIA အရာရှိများက ဆိုသည်။

နှစ်ဖက်တပ်ကြား စီအူရွာ (ကချင်လို ဂျေဦး) မြောက်ဘက် စီကောရွာနှင့် ကောင်ဂျာရွာကြားတွင် စက်တင်ဘာ(၇)ရက်နေ့ ညနေပိုင်းမှာ ၁နာရီခန့် တိုက်ပွဲဖြစ်ပွားပြီး နောက်နေ့ မနက်ပိုင်းမှာလည်း အချိန်တို ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထပ်ဖြည့်လာသော တပ်အင်အား အပါအဝင် ယခု KIA တပ်ရင်း(၁၂) နယ်မြေတွင် ရောက်ရှိလှုပ်ရှား နေသော အစိုးရတပ် အင်အား ၃၀၀ ခန့် ရှိနိုင်ကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

နေပြည်တော် ဆွေးနွေးပွဲမှာ အစိုးရနှင့် NCA စာချုပ် လက်မှတ်ရေးထိုးရာ၌ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အားလုံးပါဝင်ရေး တိုင်းရင်းသား ခေါင်းဆောင်များ တောင်းဆိုချက်ကို အစိုးရ လက်မခံသေးကြောင်း သိရသည်။

Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
July 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ...
July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...